နေပြည်တော်တွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနစတင်တည်ဆောက်

နေပြည်တော်တွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနစတင်တည်ဆောက်

နေပြည်တော်  ဇန်နဝါရီ  ၂၀

စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အဆောက်အအုံပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညဈေးအနီးရှိ သတ်မှတ်မြေနေရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပသည်။အခမ်းအနားသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာ လီဆန်းဟွာ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)  မှ ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အဆောက်အအုံပန္နက်တင်အခမ်းအနားကိုဆောင်ရွက်ကြသည်။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက အမှာစကားပြောကြားသည်။

ယင်းနောက်   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။ မြန်မာနိုင်ငံတွင်   စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနတည်ထောင်ခြင်းစီမံကိန်းကို  ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့်စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုရီးယားနိုင်ငံ၏အကူအညီ  အမေရိကန်ဒေါ်လာ (၈ ဒသမ ၃၇) သန်းဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါစီမံကိန်းကို စိုက်ပျိုးထုတ်လုပ်သူနှင့်စားသုံးသူ  နှစ်ဦးနှစ်ဖက်အကျိုးစီးပွား  ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍    ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဟဲဟိုးမြို့နယ်တွင်     စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်ပြုပြင်ရေးဌာနကိုလည်းကောင်း  တည်ဆောက်သွားမည်ဖြစ်သည်။ 

ယင်းစီမံကိန်းပြီးစီးပါက ထုတ်လုပ်သူတောင်သူများအတွက် စိုက်ပျိုးရေးထွက်ကုန်များ၏ ဈေးကွက်သတင်းအချက်အလက်များကိုရရှိစေခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှု အခြေအနေများကို ဖန်တီးပေးနိုင်မည်ဖြစ်ကာ အဆင့်မြင့်ရိတ်သိမ်းချိန်လွန်နည်းပညာများ၊     ထုတ်ကုန်စံချိန်စံညွှန်းများ၊ အစားအစာ ဘေးကင်းလုံခြုံမှုစစ်ဆေးခြင်းများဆောင်ရွက်နိုင်ခြင်းဖြင့် စားသုံးသူများအနေဖြင့်လည်း အရည်အသွေးကောင်း၍ ဘေးကင်းလုံခြုံသော စိုက်ပျိုးရေးထွက်ကုန်များကို လက်လှမ်းမီရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် အဓိကစိုက်ပျိုးရေးထုတ်လုပ်သည့်နေရာများတွင်  ထုတ်ကုန်များတန်ဖိုးမြှင့်တင်ခြင်းဖြင့်  ကနဦးစိုက်ပျိုးထုတ်လုပ်သူ အဆင့်မှာပင်    စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်ကို  တိုးတက်လာစေရန်ရည်ရွယ်၍ ယခုတည်ဆောက်မည့် နေပြည်တော် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနနှင့်  ဟဲဟိုးမြို့တွင်  ဆောင်ရွက်မည့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်ပြုပြင်ရေး ဌာန (Agricultural Product Processing Center - APPC)  များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  အဆိုပါဌာနများက စိုက်ပျိုးရေးထုတ်ကုန်များ အုပ်စုခွဲခြင်း၊  ထုပ်ပိုးခြင်း၊  အဆင့်အတန်းခွဲခြားခြင်း၊ စံသတ်မှတ်ခြင်း၊  ကုန်အမှတ်တံဆိပ်သတ်မှတ်ခြင်း၊  အအေးခန်းသိုလှောင်ခြင်းနှင့် ထုတ်ကုန်ပြုပြင်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူအဖွဲ့အစည်းများ  ပိုမိုအားကောင်းလာစေခြင်းဖြင့်  တောင်သူလယ်သမားများကိုယ်တိုင် သီးနှံဈေးနှုန်းညှိနှိုင်းနိုင်ကြမည်ဖြစ်ကြောင်း၊ယင်းလုပ်ငန်းများစနစ်တကျဖြင့် အရှိန်အဟုန်ကောင်းစွာ  အောင်မြင်လာစေရန် စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် စည်ပင်သာယာဈေးများဌာနတို့ပူးပေါင်း၍  နည်းပညာ၊   အရင်းအနှီး၊ ဈေးကွက် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာရဲတင့်ထွန်းထံမှ သိရသည်။          (၅၀၀)