နေပြည်တော်မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ်လျှပ်စစ်ရုံးအား ဗုံးဖောက်ခွဲခဲ့သည့်တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ်လျှပ်စစ်ရုံးအား ဗုံးဖောက်ခွဲခဲ့သည့်တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်၊ နို ၁၅

အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီး ခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ B-4 လမ်းမကြီး၊ ဓာတ်အားခွဲရုံ အနီးရှိနေအိမ်မှ တင်ကိုငြိမ်း(ခ)ရွှေကောင်း(၄၈)နှစ်နှင့် ခင်မောင်ရင်(၃၇)နှစ်တို့အား ပွိုင့် ၂၂ ကျည်ဖြင့် ပစ်ခတ်ရသည့် လက်လုပ်သေနတ် ၄ လက်၊ ၅.၅၆ မမကျည် ၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း/ဂျာစီများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဥတ္တရသီရိ မြို့နယ်၊ စည်သာအေးရွာ၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးအနီးရှိ ခင်မောင်ရင် ၏ နေအိမ်မှ လက်လုပ်မိုင်း ၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

တရားခံ တင်ကိုငြိမ်း(ခ)ရွှေကောင်း ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၃ ရက်တွင် ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာ၊ တိုက်အမှတ်(၉၄)၊ အခန်း အမှတ်(၁၄)သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ပြောက်ကျားယူနီဖောင်းများ၊ NLD ပါတီတံဆိပ် ပါအင်္ကျီများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ တရားခံ တင်ကိုငြိမ်း(ခ)ရွှေကောင်း ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၃ ရက်တွင် ယမ်းကြိုးနှင့် ဆက်စပ်ပစ္စည်းများအား ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ စက်မှု(၁) အုတ်စက်ရှေ့၊ အိမ်အမှတ်(၃၈၅)နေ ဇော်မင်းအောင် ထံ အပ်နှံထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဇော်မင်းအောင်(၃၉)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ တရားခံ ဇော်မင်းအောင် ၏ ထွက်ဆိုချက်အရ တင်ကိုငြိမ်း (ခ)ရွှေကောင်းနှင့် ခင်မောင်ရင် တို့အား ဖမ်းဆီးရရှိသည့် ဖြစ်စဉ်သတင်းနှင့် မှတ်တမ်း ဓာတ်ပုံများအား မင်းကုန်းကျေးရွာနေ သိန်းဝင်း မှ ဇော်မင်းအောင် အား ပြသ၍ တိမ်းရှောင်စေရန် ပြောကြားခဲ့ကြောင်း သိရှိရသဖြင့် သိန်းဝင်း(၅၀)နှစ်အား ထပ်မံ ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား ၄ ဦးအား လက်လုပ်သေနတ် ၄ လက်၊ ၅.၅၆ ကျည် ၁၀ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ ပြောက်ကျား ယူနီဖောင်း/ ဂျာစီများ၊ NLD ပါတီတံဆိပ်ပါ အင်္ကျီများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ခင်မောင်ရင် သည် ဧပြီလခန့်တွင် ပျဉ်းမနားမြို့နယ်၊ အဝေရာဆည်အနီး၌ နေပြည်တော် PDF အဖွဲ့မှ ဖွင့်လှစ်သည့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ကြောင်းနှင့် ပျဉ်းမနားမြို့နယ် NLD ပါတီအတွင်းရေးမှူး စိုင်းဝင်းနိုင်ဦး(ဖမ်းဆီးရန်ကျန်)မှ ဖီးနစ်မြို့ပြ ပြောက်ကျားအဖွဲ့ အား ဟန်မင်းထွန်း (ဖမ်းဆီးရန်ကျန်)အား ဖွဲ့စည်းစေကာ အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ လုပ်ဆောင်ရန်စီစဉ်ခဲ့ကြောင်း၊ နေပြည်တော် PDF အဖွဲ့အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော NUG မှ ရည်မွန် ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ရှိပြီး ၎င်း၏ ညွှန်ကြားချက်များအတိုင်း အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများ၊ ဒလန်ရှင်းလင်းရေး လုပ်ငန်းများအား ဆောင်ရွက်ရကြောင်း ဖော်ထုတ် သိရှိရသည်။

တရားခံ တင်ကိုငြိမ်း(ခ)ရွှေကောင်း ၏ ထွက်ဆိုချက်အရ ဇွန်လတွင် တောင်ငူမြို့နေ ဝေဠု(ဖမ်းဆီးရန်ကျန်)ထံမှ လက်လုပ်သေနတ် ၄ လက်၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ယမ်းကြိုးနှင့် ဆက်စပ်ပစ္စည်းများအား ဝယ်ယူ ခဲ့ကြောင်းနှင့် ဇူလိုင်လတွင် အောင်ပန်းမြို့နေ ခွန်သူရ(ဖမ်းဆီးရန်ကျန်)ထံမှ ၅.၅၆ ကျည် ၁၀ တောင့်ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့် မေလခန့်တွင် ဟန်မင်းထွန်း ၏ စေခိုင်းမှုဖြင့် ခင်မောင်ရင် သည် ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်း ကျေးရွာအုပ်စု၊ ဝက်စုကျေးရွာရှိ ခေါင်ရည်ဆိုင်ရှေ့တွင် လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ အောက်တိုဘာလ ၅ ရက်တွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒိ္ဓရပ်ကွက်၊ တိုက်အမှတ် (၄၃၅၆) အနီး၌ ရပ်ထားသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ထမ်းကြို/ပို့ ယာဉ်အား ထမင်းဗူးရီမုဒ်မိုင်း ၁ လုံးဖြင့် လည်း ကောင်း၊ အောက်တိုဘာလ ၁၄ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်၊ ဈေးအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ကပ်လျက် ရဲကင်းအား လက်လုပ် ဗုံး ၁ လုံးဖြင့် လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၃)ရဲစခန်း အနီးတွင် လက်လုပ် ဗုံး ၁ လုံးဖြင့် လည်းကောင်း၊ အောက်တိုဘာလ ၂၈ ရက်တွင် ဇမ္ဗူသီရိမြို့နယ်၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းလိုင်းခန်းရှေ့ရှိ ဝန်ထမ်းကြို/ပို့ယာဉ်အား ထမင်းဗူး ရီမုဒ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်တွင် ဟန်မင်းထွန်း မှ ပေးပို့သော MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံးတို့အား တင်ကိုငြိမ်း (ခ)ရွှေကောင်း ထံမှတစ်ဆင့် ရယူ၍ နိုဝင်ဘာလ ၆ ရက်တွင် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးအား MG-1 လက်ပစ်ဗုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာလ ၁၀ ရက်တွင် ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်သာယာဈေး၊ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်ဗုံးဖြင့် လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အဆိုပါဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်သည်။