နေပြည်တော် ဇွန် ၁၅
ငှက်ပျောသည် ရှေးနှစ်ပေါင်းများစွာကတည်းက လူသားတို့၏ အာဟာရစားသုံး သီးနှံ၊ အကျိုးပြုသီးနှံပင်ဖြစ်ပြီး မြန်မာမှု အရပ်ရပ်တိုင်းတွင်လည်း ငှက်ပျော၏ အခန်းကဏ္ဍသည် ကျယ်ပြန့်စွာ နေရာယူလျက် ရှိနေပါသည်။
မြန်မာ့ငှက်ပျောစိုက် တောင်သူများ အနေဖြင့် ယခင်က ပြည်တွင်းဘုရားပွဲများ၊ ရိုးရာပွဲများ၊ ပွဲလမ်းသဘင်များတွင် ပွဲထိုးရန်၊ ရိုးရာအစားအသောက် ပြုလုပ်ရာတွင် အသုံးပြုရန်တို့အတွက် ရောင်းချရသည့် ပြည်တွင်း ဈေးကွက်သာ ရှိခဲ့သော်လည်း ယနေ့ခေတ်အခါတွင် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်သည်အထိ ရှိလာခဲ့သည်။
ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းသည့် သက်တမ်းတူ၊ အရွယ်တူ ငှက်ပျောပင်များ တစ်ပြိုင်တည်း အမြောက်အမြား ရရှိနိုင်မှသာလျှင် အထွက်နှုန်း ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသော ငှက်ပျောသီး ထုတ်ကုန်များကို ဖြည့်စွက်စာအနေဖြင့် စားသုံးနိုင်မည်ဖြစ်သည့်အတွက် တပ်မတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ကျောက်စိမ်းဖီးကြမ်း တစ်သျှူး ငှက်ပျောနှင့် သီးမွှေးတစ်သျှူး ငှက်ပျောပင်များကို တပ်မတော်အတွင်း၌ ၂ဝ၁၉ ခုနှစ် ကတည်းကစတင်၍ သုတေသနများ ပြုလုပ်ကာ Tissue Culture ဓာတ်ခွဲခန်းမှ ပျိုးပင်များ မျိုးပွား ထုတ်လုပ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်လုပ်ပေးပြီး တိုင်းစစ်ဌာနချုပ်များသို့ ဖြန့်ဖြူး စိုက်ပျိုးလျက်ရှိရာ အောင်မြင်မှုများစွာ ရရှိပြီး တပ်တွင်းမိသားစု ဖူလုံရုံသာမက ဒေသခံများသို့ပါ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်လျက် ရှိသည်။
တပ်မတော်၏ ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူးငှက်ပျော စိုက်ပျိုးအောင်မြင်မှုနည်းတူ မိဘပြည်သူများ အနေဖြင့်လည်း မိမိတို့ရေမြေဒေသနှင့် ကိုက်ညီမှုရှိပါက အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရေး အတွက် ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူး ငှက်ပျောပျိုးပင်များကို တစ်ပင်လျှင် ငွေကျပ် ၄ဝဝ နှုန်းဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ပါသည်။
ပျိုးပင်များ ဝယ်ယူလိုပါက ဖုန်း ဝ၉-၆၉၅၉၁၁၄၅၅ နှင့် ဝ၉-၂၅၆၇၄၄၉၈၁ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။