နောက်ကျပြောင်းများ အစေ့မအောင်သဖြင့် ဈေးနှုန်းလျော့ကျပြီး ဝယ်သူနည်းပါး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ကျေးရွာများမှ စိုက်ပျိုးသော ပေါ်ဦးပေါ်ဖျားပြောင်းများမှာ    ဈေးနှုန်းရရှိသော်လည်း နောက်ကျထွက်ရှိသည့် ပြောင်းများမှာ အစေ့မအောင်သဖြင့် ဈေးကွက်အတွင်း ဈေးနှုန်း လျော့ကျသည့်အပြင် ဝယ်ယူသူများလည်းနည်းပါးလျက်ရှိကြောင်း လားရှိုးမြို့ ရပ်ကွက်(၁၂)မှ ပြောင်းကြိတ်ခွဲရေးနှင့် ပြောင်းဝယ်ရောင်းလုပ်ကိုင်သူ ဦးလုံးစိမ်းထံမှ သိရသည်။

''ပြောင်းဈေး မကောင်းတာတော့ သုံး၊လေးနှစ်လောက်ရှိပါပြီ။ အရင်နှစ်တွေကဆို တစ်ပိဿာ ငွေကျပ် ၄၅ဝ ကနေ ၆ဝဝ အထိပေါက်တယ်။ အဲဒီနှစ်နောက်ပိုင်းတွေကစပြီး တစ်ပိဿာ ငွေကျပ် ၄ဝဝ လောက်ပဲ ပေါက်တော့တယ်။ နောက်ပိုင်းပြောင်းတွေကျတော့ အစေ့က မအောင်တာများတော့ ဈေးကပိုကျတာပေါ့''ဟု ၎င်းကပြောသည်။

ပြောင်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် နှစ်စဉ်ပြောင်းစိုက်ပျိုးရာ၌ မိုးစတင်ရွာသွန်းသော မေလမှ ဇွန်လကုန်အထိ စိုက်ပျိုးကြပြီး အဆိုပါရာသီတွင် ထွက်ရှိသော ပြောင်းများမှာ ဈေးပေါ်ချိန်တွင် ဈေးကောင်း ရရှိကြသည်။

ထိုရာသီလွန်မှ ထပ်မံစိုက်ပျိုးကြသည့် နောက်ကျပြောင်းများမှာမူ ပေါ်ဦးပေါ်ဖျားပြောင်းများ ကဲ့သို့ အစေ့မအောင်သဖြင့် ဈေးကွက်၌လည်း နောက်ကျပြောင်းများ ပေါ်ချိန်တွင် ဈေးကောင်းမရ၍ တောင်သူများအတွက် အကျိုးအမြတ်နည်းပါးကြသည်။ ပေါ်ဦးပေါ်ဖျား ပြောင်းထွက်ချိန်တွင် လားရှိုးဈေးကွက်၌ တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝ ဖြင့် စတင်ဈေးဖွင့်ခဲ့သော်လည်း ယခုကဲ့သို့    နောက်ကျပြောင်းပေါ်ချိန်တွင် ဈေးကွက်မှာ ငွေကျပ် ၃ဝဝ ခန့်မှ  စတင် ခဲ့ကြောင်း သိရသည်။