ကျောက်မဲ၊ တရားမဝင်သစ်ပင်ခုတ်မှု
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာ ပြည်ထောင်စုလမ်းမကြီးနှင့် ကျောက်မီးသွေးလမ်းဆုံ၌ ဇန်နဝါရီ ၁၉ ရက် နံနက် ၄ နာရီ မိနစ်၄၀ တွင် နံ့သာဖြူတုံးများ တရားမဝင်ခုတ်လာသူအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ်လှိုင်မင်းသန်းဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာ ပြည်ထောင်စုလမ်းမကြီးနှင့် ကျောက်မီးသွေးလမ်းဆုံအရောက်၌ နယ်မြေ(၁၂) ရပ်ကွက်(၂) ကျောက်မဲ မြို့နေ အောင်ကျော်စိုး ၄၁နှစ် မောင်းနှင်ပြီး နောက်တွင် ပန်ပေါင်းကျေးရွာ နမ့်ဟူးတောင်းအုပ်စု ကျောက်မဲမြို့နေ စောအောင်(ခ)ကရင် ၃၄ နှစ်လိုက်ပါလာသည့် နံပါတ်မပါ WANGBO 125 အနက် ရောင်ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ဘေးတွဲပေါ်တွင် နံ့သာဖြူတုံး၃၄ တုံးအား တွေ့ရှိရ၍ မေးမြန်းရာ နံ့သာဖြူတုံးများနှင့်ပတ်သက်၍ ၎င်းတို့ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကျော်စိုးနှင့် စောအောင်(ခ)ကရင်တို့နှစ်ဦးအားကျောက်မဲမြို့မရဲစခန်းက (ပ)၇/၂၀၂၁၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။