နေပြည်တော်၊ အောက်တိုဘာ - ၂၇
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ဒေသခံပြည်သူ များ၏ မျက်စိခွဲစိတ်ကုသရေးနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် နွားထိုးကြီးမြို့ရှိ အလည်ကျောင်းပရိယတ္တိ စာသင်တိုက်၌အခြေပြု၍ သံဃာတော် ၃ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၂ ပါးနှင့် ဒေသခံပြည်သူ ၁၁၉ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အတွင်းတိမ်ခွဲစိတ် ကုသမှု သီလရှင် ၂ ပါး၊ ဒေသခံပြည်သူ ၁ဝ ဦး၊ အသေးစား မျက်စိခွဲစိတ်လူနာ ၄ ဦး၊ စုစုပေါင်းမျက်စိခွဲစိတ် ကုသလူနာ ၁၆ ဦးကို ရွေ့လျားခွဲစိတ် ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသ ပေးခြင်းများ ဆက်လက်ဆောင်ရွက် ပေးသည်။ ထို့ပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၂၁ ဦးကို သက်ဆိုင်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာ ရှင်များအား မျက်မှန်များ တပ်ဆင်ပေးပြီး ဆေးကုသမှု လာရောက်ခံယူသည့် ပြည်သူများအား နယ်မြေခံ တပ်မတော်သားများက နေ့လယ်စာထမင်း၊ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။
တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ် ကုသ ယာဉ်တစ်စီးပါဝင်ပြီး အဆိုပါမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့် အခြား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့်အညီ ကုသဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။