နွေရာသီနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်း

 

နွေရာသီနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်း

ရာသီဥတုပူပြင်းတာကြောင့် နေ့စဉ်ပုံမှန်လှုပ်ရှား မှုတွေမှာတောင် ချွေးပြန်ပြီး မောပန်းမှုကိုခံစားရနိုင် ပါတယ်။ အခုလိုပူပြင်းတဲ့နွေရာသီမှာ အားကစားပြုလုပ်မယ်ဆိုရင်     အားအင်တွေပိုမိုကုန်ခန်းပြီး  မောပန်းနွမ်းနယ်မှုတွေ ပိုမိုခံစားရနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်မယ့် နေရာကို ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။ အပြင်ထွက်ပြီး လေ့ကျင့်ရတာမျိုးတွေဖြစ်တဲ့ ဘတ်စကက်ဘောကစားတာ၊ လမ်းလျှောက်တာ၊  အပြေးလေ့ကျင့်တာ၊   တောင်တက်တာတွေ ပြုလုပ်မယ်ဆိုရင်   ရာသီဥတုအခြေအနေကို   သိရှိထားဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ  တစ်နေ့တာအတွက် အအေးဆုံးအချိန်ကို   ရွေးချယ်သင့်ပါတယ်။    လူ အများစုကတော့   တစ်နေ့တာလုံးမှာ  အေးမြတဲ့ အချိန်က ညနေပိုင်းလို့ထင်ကြတယ်။ တကယ်တမ်းက  နံနက်နေမထွက်ခင် အချိန်ပဲဖြစ်ပါတယ်။  ဒါကြောင့်   လေ့ကျင့်ခန်းပြုလုပ်မယ့်အချိန်ဇယားက  နံနက်ပိုင်း ပဲ  ဖြစ်သင့်ပါတယ်။  တကယ်လို့  ညနေပိုင်းမှာ  လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် ညနေ ၅ နာရီကျော် မှသာ စတင်သင့်ပါတယ်။

အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ   လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ နေထိုးပြီး လှောင်ပိတ်တဲ့အခန်းမျိုးမှာ လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။  ပြင်းထန်တဲ့လေ့ကျင့်ခန်း (ဥပမာ-ဘောလုံး၊ ဘတ်စကက်ဘော၊ အပြေး၊ ကြိုးခုန်) ပြုလုပ်တာတွေ ရှောင်သင့်ပါတယ်။  ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုး ပြုလုပ်သင့်ပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းက ကိုယ် အပူချိန်အများကြီးတက်လာပြီး မထိန်းညှိနိုင်တော့တဲ့ အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဖြည်းဖြည်းမှန်မှန်  သက်သောင့်သက်သာဖြစ်တဲ့အားကစားမျိုးကို ရွေးချယ်သင့်ပါတယ်။

လေ့ကျင့်ခန်းကို   ပုံမှန်ပြုလုပ်ဖို့နဲ့   အလျင်စလို မလုပ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းမတွေမှာ  လေ့ကျင့်တာဖြစ်စေ၊ အပြင်ထွက်လေ့ကျင့်တာဖြစ်စေ လေ့ကျင့်ရမယ့်နေရာကို ကျင့်သားရပြီး ကျွမ်းကျင်မှုရှိစေဖို့ ဂရုစိုက်သင့်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာက ပိုပြီးသက်သောင့်သက်သာဖြစ်စေပါတယ်။

ခန္ဓာကိုယ်ပေါ်မှာ အပူချိန်သက်ရောက်မှုရှိပါတယ်။ ရာသီဥတုပူပြင်းလွန်းတာက  ခန္ဓာကိုယ်ဖိစီးမှုကိုဖြစ်  စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ  ရာသီဥတု ပူတာကို ဂရုမစိုက်ရင် မလိုအပ်ဘဲ ဖျားနာမှုတွေဖြစ်နိုင် ပါတယ်။ နေပူပူမှာ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ပိုတက်ပြီး    သွေးလည်ပတ်မှုကို များစေပါတယ်။  အဲဒီအခါ   နှလုံးကြွက်သားဆီကို သွေးရောက်ရှိမှုနည်းသွားတတ်ပါတယ်။ ချွေးအများကြီး ထွက်ပြီး မောပန်းတာကြောင့် ခန္ဓာကိုယ်က ပူလောင်နေတတ်ပါတယ်။

ရေသောက်သင့်ပါတယ်။ အားကစားပြုလုပ်တဲ့ အချိန်မှာ ချွေးထွက်များရင် ရေများများသောက်ဖို့ လိုပါတယ်။  အထူးသဖြင့် နေပူပူမှာ လေ့ကျင့်ခန်း ပြုလုပ်သူတွေအနေနဲ့  ရေအစား  Sport Drink ကို သောက်ပေးနိုင်ပါတယ်။  Sport Drink မှာ ဆိုဒီယမ်ကလိုရိုက်နဲ့   ပိုတက်စီယမ်တွေ ပါဝင်ပါတယ်။  အယ်လ်ကိုဟောနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ ဖျော်ရည်တွေကို   ရေဓာတ်ခန်းခြောက်နေချိန်မှာ မသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲကရေကို ညစ်နွမ်းစေလို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

အပူကြောင့်  နာမကျန်းဖြစ်တတ်ပါတယ်။  ပုံမှန်အခြေအနေဆိုရင် ရာသီဥတုပူပေမယ့် ခန္ဓာကိုယ်ရဲ့ သဘာဝအရ ချွေးအနည်းငယ်ထွက်စေပြီး   အေးမြအောင်ဖန်တီးနိုင်စွမ်းရှိပါတယ်။  ဒါပေမဲ့ နေပူထဲမှာ   အချိန်ကြာကြာ နေရမယ်ဆိုရင်တော့    ခန္ဓာကိုယ်က လိုအပ်တာထက်  ချွေးထွက်ပြီး   နုံးချည့်နေတတ်ပါ တယ်။ ဒါကို ကိုယ်က ရေအလုံအလောက်ပြန်မသောက်ဘူးဆိုရင် အပူချိန်ကြောင့် လန်းဆန်းမှုမရှိဘဲ နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။

အပူလျှပ်တတ်ပါတယ်။  အပူလျှပ်တယ်ဆိုတာက    ချက်ချင်းဆိုသလို ခန္ဓာကိုယ်အပူချိန် ၄၀ ဒီဂရီစင်တီ ဂရိတ်ထက်ပိုလာတာ၊   ကိုယ်အပူချိန်တက်လာတာ မျိုးဖြစ်ပါတယ်။  အရေပြားတွေပူနေပြီး ခန္ဓာကိုယ်က  ချွေးထွက်တာ  ရပ်တန့်သွားပါတယ်။  စိတ်ရှုပ်သလို ခံစားရတတ်ပြီး နေထိုင်ရခက်ခဲတာမျိုးလည်းဖြစ်တတ် ပါတယ်။ အဲဒီလိုဖြစ်လာရင် ချက်ချင်းဆိုသလို  ဆေး ကုသမှုခံယူသင့်ပါတယ်။   အပူချိန်ပိုတက်လာရင် ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။

အဝတ်အစားကို စိစစ်ရွေးချယ်သင့်ပါတယ်။ နွေရာသီမှာ လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် အဝတ်အစား ကို လင်းတဲ့အရောင်မျိုးရွေးချယ်သင့်ပါတယ်။ လင်းတဲ့အရောင်က အလင်းပြန်တဲ့သဘောရှိပြီး  အပူစုပ်ယူ မှုနည်းစေပါတယ်။   ချွေးစုပ်စေနိုင်တဲ့    အဝတ်အစားမျိုးကို ရွေးချယ်သင့်ပါတယ်။ ချည်သားကို အခြေခံတဲ့ အဝတ်အစားမျိုးက ချွေးစုပ်နိုင်စွမ်းမြင့်မားတာကြောင့်  ချည်ထည်ကို  ဦးစားပေးရွေးချယ်သင့်ပါတယ်။

နေရောင်ကာခရင်မ်လိမ်းသင့်ပါတယ်။ နွေရာသီ မဟုတ်ရင်တောင် နေရောင်ကာခရင်မ်လိမ်းသင့်တာ ဖြစ်တဲ့အတွက် နေပူအောက်မှာဆိုရင် နေရောင်ကို  ပိုပြီးကာကွယ်ဖို့လိုပါတယ်။      ဆံပင်ရှည်သူဆိုရင် ခပ်မြင့်မြင့်လေးချည်နှောင်ထားပြီး လေ့ကျင့်ခန်းပြုလုပ် သင့်ပါတယ်။

လေ့ကျင့်ခန်းကို ဖြည်းဖြည်းနဲ့မှန်မှန်ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်ပြုလုပ်ဖို့   မလိုပါဘူး။ လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ ခန္ဓာကိုယ်တုံ့ပြန်မှုကို  သတိထားဖို့လိုပါတယ်။  လေ့ကျင့်ခန်းစတင်ချိန်မှာ နာကျင်မှု၊ မောပန်းနွမ်းနယ်မှုတွေကို ခံစားရပြီး   သက်သောင့်သက်သာမဖြစ်ဘူးဆိုရင် လေ့ကျင့်ခန်းကို ဆက်မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်မှာ မောပန်းတာ၊ နေမကောင်းချင်သလိုဖြစ်တာမျိုးတွေ ခံစားရရင် လေ့ကျင့်ခန်းပြုလုပ်နေတာကို   ချက်ချင်းရပ်လိုက်ပြီး   အေးတဲ့နေရာမှာ အနားယူသင့်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်လိုအပ်ရင်လည်း မောပန်းမှုကို ခံစားရတတ်ပါတယ်။

လေ့ကျင့်ခန်းကို  ချက်ချင်းရပ်သင့်တဲ့အချိန်ရှိပါ တယ်။ ချွေးအရမ်းထွက်လာတာ၊ ခန္ဓာကိုယ် အပူချိန် လွန်ကဲလာတာနဲ့ မူးသလိုခံစားရတဲ့အခါ လေ့ကျင့်ခန်းပြုလုပ်တာကို ချက်ချင်းရပ်သင့်ပါတယ်။ တင်းကျပ်နေတဲ့အဝတ်အစားတွေကို  ချွတ်လိုက်ပြီး  ခပ်ပွပွအဝတ်အစားတွေကို ပြောင်းဝတ်သင့်ပါတယ်။ ရေကိုဝအောင်သောက်သင့်ပါတယ်။ ခဏလောက်နားပြီးချိန်မှာ ရေအေးနဲ့ရေချိုးသင့်ပါတယ်။ မိနစ် ၃၀ လောက်နားပြီးလို့မှ  မသက်သာသေးဘူးဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

နွေရာသီမှာ ပုံမှန် နေ့စဉ် နာရီဝက်ကနေ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်မယ်ဆိုရင်  နံနက်စောစောပြုလုပ်တာ  အကောင်းဆုံးဖြစ် ပါတယ်။ နေပူအောက်မှာ အကြာကြီးအလုပ်လုပ်ပြီး နေရောင်ကိုကာကွယ်တဲ့ ပစ္စည်းတွေ အသုံးမပြုတာက     ရေဓာတ်ဆုံးရှုံးစေပါတယ်။ အဲဒီလိုရေဓာတ်ဆုံးရှုံး နေချိန်မှာ  ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေပြုလုပ်တာကြောင့် အပူလျှပ်တာ၊ သတိလစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်  ပူပြင်းတဲ့နွေရာသီမှာ တတ်နိုင်သလောက် အပူဒဏ်ကိုရှောင်ကြဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တာက    စိတ်ရောကိုယ်ပါ ကောင်းကျိုးတွေအများကြီးဖြစ်စေပေမယ့်   ပူပြင်းတဲ့ နွေရာသီမှာဆိုရင်တော့  ဂရုမစိုက်မိရင်  အန္တရာယ်ရှိ နိုင်ပါတယ်။    ဒါကြောင့်အပူဒဏ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ကာကွယ်နိုင်အောင်၊ စိတ် ရောကိုယ်ပါကျန်းမာအောင်   လေ့ကျင့်ခန်းပြုလုပ်တဲ့ အခါ  ရှောင်ကြဉ်ရမယ့်အရာတွေကို  ဂရုစိုက်သင့်ပါ တယ်။

အချုပ်အားဖြင့်ဆိုရရင်  အပူလျှပ်ပါက  အရိပ်ရ အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့နေရာ ဒါမှ မဟုတ် အဲကွန်းခန်းမှာနေထိုင်တာ၊  ရေနဲ့ဓာတ်ဆား သောက်သုံးတာ၊  လူနာရဲ့ခန္ဓာကိုယ်အပူချိန်  အမြန် ကျဆင်းစေဖို့  နဖူး၊ လည်ပင်း၊  ချိုင်းကြားနှစ်ဖက်နဲ့ ပေါင်ခြံနှစ်ဖက်တို့ကို ရေဖတ်တိုက်တာတို့ပြုလုပ်သင့် ပါတယ်။ ဒါ့ပြင် အပူဒဏ်ကြောင့် သွေးလန့်တာကို နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းတွေဆီ အမြန်ဆုံးသွားရောက်ပြသပြီး   ကုသမှုခံယူသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။    ။

ဒေါက်တာလွင်သန့်