ပင်လည်ဘူးမြို့နယ်၌ ပညာရေးဝန်ထမ်း ၁ ဦးအား အကြမ်းဖက်သမားများက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ပင်လည်ဘူးမြို့နယ်၌ ပညာရေးဝန်ထမ်း ၁ ဦးအား အကြမ်းဖက်သမားများက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့်တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်း ဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူး မြို့နယ်ပြည်သူ့ဆေးရုံ၌ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသား ၁ ဦးရောက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အောင်းကုန်းကျေးရွာနေ အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာဖြစ်သူ ကိုဇော်မိုး (၃၀)နှစ်(ဘ) ဦးထွန်းမြင့် အား ဝဲရင်အုံကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စိစစ်ခဲ့ရာ ကိုဇော်မိုး သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၆ နာရီခွဲအချိန်တွင် ကျေးရွာအနီးရှိ ကြက်ခြံ၌ရှိနေစဉ် ဆိုင်ကယ်များ ဖြင့် အကြမ်းဖက်သမား ၆ ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဇော်မိုးတွင် ဒဏ်ရာရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန် ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေး အရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။