ပင်းတယဒေသထွက် မုန်လာထုပ်(ဂေါ်ဖီထုပ်)များ ဈေးနှုန်း ကျဆင်းနေ

ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနှင့် ရွာငံမြို့နယ် ကျေးရွာအချို့တို့တွင် စိုက်ပျိုးထားသော မုန်လာထုပ်(ဂေါ်ဖီထုပ်)များအား ဆွတ်ခူးရောင်းချရာ လက်ရှိတွင် ဈေးနှုန်း ကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း  မုန်လာထုပ် စိုက်ပျိုးသူများထံမှ သိရသည်။

အဆိုပါမုန်လာထုပ်(ဂေါ်ဖီထုပ်)များကို ပင်းတယမြို့နယ် ကျုံးကျေးရွာအုပ်စု၊ မြင်းမှူးကျေးရွာအုပ်စု၊ ကူးကော်ကျေးရွာအုပ်စုနှင့် ရွာငံမြို့နယ် ပွေးပြတ်၊ လွှစင်၊နန်းခုံအစရှိသော ပင်းတယ-ရွာငံသွား ကားလမ်းမတစ်လျှောက်တို့တွင်   အများအပြား စိုက်ပျိုးကြသည်။

ထိုသို့စိုက်ပျိုးရာတွင် တစ်ဧကလျှင် မုန်လာထုပ်(ဂေါ်ဖီထုပ်)မျိုးပင် ၁၂ဝဝဝ ခန့် စိုက်ပျိုးကြပြီး ကုန်ကျစရိတ်မှာ ငွေကျပ်၁၃ သိန်းခန့် ရှိကြောင်းနှင့်  ယခုထွက်ရှိချိန်တွင် ဈေးနှုန်းကျဆင်းနေသဖြင့် ဂေါ်ဖီထုပ် တစ်ထုပ်လျှင်ငွေကျပ်  ၈ဝ မှ ၁ဝဝ ခန့်သာ ရရှိကြောင်းသိရသည်။

''ဂေါ်ဖီထုပ်ပင် ၇ဝဝဝ ခန့်စိုက်ပျိုးထားပါတယ်။ ဂေါ်ဖီထုပ်မျိုးပင် တစ်ပင်အတွက်စိုက်ပျိုး ကုန်ကျစရိတ်က တစ်ထုပ်ကိုငွေကျပ် ၁၃ဝ လောက် ကျပါတယ်။ အခုရောင်းရတဲ့ဈေးက တစ်ပိဿာခန့်ရှိတဲ့ ဂေါ်ဖီထုပ် တစ်ထုပ်ကို ငွေကျပ် ၈ဝ နဲ့ တစ်ပိဿာထက်ပိုတဲ့ ဂေါ်ဖီထုပ်တစ်ထုပ်ကို ငွေကျပ် ၁ဝဝ ပဲရတော့ စိုက်တဲ့သူတွေအတွက် အရှုံးပေါ်တာပေါ့''ဟု မြေခြားမြောက်ကျေးရွာမှ  ဂေါ်ဖီထုပ်စိုက်တောင်သူ ဒေါ်မာညိုကပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနှင့်  ရွာငံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အများအပြားတို့မှ ဒေသနေဓနု၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်တိုင်းရင်းသားများသည် ရာသီအလိုက် စိုက်ပျိုးသီးနှံများနှင့် ဟင်းသီးဟင်းရွက်များကို အဓိကစိုက်ပျိုးထုတ်လုပ်ရောင်းချပြီး ယခုကာလ၌ စိုက်ပျိုးသီးနှံထုတ်ကုန်များ ဈေးမရသဖြင့် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။