ပရီးမီးယားလိဂ် Hall of Fame ပြတိုက်၌ထားရှိရန် အာဆင်နယ်အသင်းကစားသမားဟောင်း ဘားကမ့် လီဗာပူးကစားသမားဟောင်း ဂျရက်နှင့် မန်ယူကစားသမားဟောင်း ဘက်ခမ်းတို့ကိုထပ်မံရွေးချယ်

လန်ဒန်၊ ဘောလုံး

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်၏ Hall of Fame ပြတိုက်၌ထားရှိရန် အာဆင်နယ်အသင်း ကစားသမား ဟောင်း ဘားကမ့်၊ လီဗာပူးအသင်း ကစားသမားဟောင်း ဂျရက်နှင့် မန်ယူအသင်းကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းတို့ ထပ်မံရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ယခုနှစ် Hall of Fame ပြတိုက်၌ထားရှိရန် ကစားသမားရှစ်ဦးကို ရွေးချယ်ကာ ၎င်းတို့၏ဂျာစီနှင့် အောင်ပွဲခံမှု အထိမ်းအမှတ်ပုံများကိုချိတ်ဆွဲ၍ ဂုဏ်ပြုရန်စီစဉ်ထားပြီး အစောပိုင်းက နယူးကာဆယ်အသင်းမှ အလန်ရှီးယား၊ အာဆင်နယ်အသင်းမှ အွန်နရီ၊ မန်ယူအသင်း ကစား သမားဟောင်းများဖြစ်သည့် ကန်တိုနာ၊ ရွိုင်ကိန်း၊ ချယ်လ်ဆီးအသင်းမှ လမ်းပတ်တို့ပြီးနောက် ခြောက်ဦး မြောက်ကစားသမားအဖြစ် အာဆင်နယ်အသင်းကစားသမားဟောင်း ဘားကမ့်နှင့် ခုနစ်ဦးမြောက် ကစား သမားအဖြစ်  ဂျရက်တို့ကို  ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဘားကမ့်သည်  အာဆင်နယ်အသင်း၌  ၁၉၉၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အောင်မြင်မှုများစွာရယူနိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သည့်ကစားသမားတစ်ဦးဖြစ်ကာ အာဆင်နယ်အသင်း တစ်ရာသီလုံး ရှုံးပွဲ တစ်ပွဲမျှမရှိခဲ့ဘဲ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ရာတွင်လည်း အဓိကကစား သမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး  ၃၁၅ ပွဲကစားခဲ့ရာ ၈၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။  

ဂျရက်သည်  လီဗာပူးအသင်း၌  ၁၉၉၈  ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ   ကစားခဲ့သူဖြစ်ပြီး   အသင်းနှင့်စုစုပေါင်း ၅၀၄ ပွဲအထိကစားခဲ့ကာ သွင်းဂိုး ၁၂၀ အထိသွင်းယူနိုင်ခဲ့ပြီး  ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တွင်လည်း အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

အလားတူ Hall of Fame ပြတိုက်၌ထားရှိရန် နောက်ဆုံးကစားသမားအဖြစ် မန်ယူအသင်းဂန္ထဝင် ကစား သမားဟောင်း ဒေးဗစ်ဘက်ခမ်းလည်း ပါဝင်လာခဲ့သည်။ ဒေးဗစ်ဘက်ခမ်းသည် မန်ယူအသင်း၏ ၁၉၉၂ ခုနှစ်မျိုးဆက်တွင် အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး မန်ယူအသင်း တစ်နှစ်အတွင်း ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလား ချန်ပီယံဆုများရရှိခဲ့သည့်နှစ်တွင်လည်း အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။ ထို့ပြင်ဘက်ခမ်းသည် ပရီးမီးယားလိဂ် သမိုင်းတစ် လျှောက် တွင်လည်း  လက်ရှိအချိန်ထိ  ဖြတ်တင်ဘောများနှင့် အလွတ်တည်ကန်ဘောများကို အကောင်းဆုံး ကန်သွင်း နိုင်သူအဖြစ် နာမည်ကြီးခဲ့သူဖြစ်သည်။

လက်ရှိတွင် Hall of Fame ပြတိုက်၌ထားရှိရန် အလန်ရှီးယား၊ အွန်နရီ၊ ကန်တိုနာ၊ ရွိုင်ကိန်း၊ ဘားကမ့်၊ လမ်းပတ်၊ ဂျရက်နှင့် ဘက်ခမ်းတို့ ပါဝင်လာခဲ့ကြောင်း သိရသည်။

Ref; Global ESPN