ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း သဒ္ဓါကြည်ဖြူ ရေကန်များဆယ်လှူကုသိုလ်ယူ
မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်းတွင် တည်ရှိသော ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအား ပုဂံခေတ်က ရေးထိုးခဲ့သော ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိ ကျောက်စာတွင် တတ္တဒေသဟု ရေးသားခဲ့သည်ကိုတွေ့ရှိရသည်။ တတ္တဒေသ ဟူသည်မှာ ပူပြင်းသော အရပ်ဒေသဟု အဓိပ္ပာယ်ရသည်။ သို့သော်လည်း ပုဂံဒေသ၏ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့် ပုဂံ၏အရှေ့တောင်ဘက်တွင် တုရင်တောင်ခြေရှိ မြကန်၊ အလံပုဂံစသော ကန်ကြီးများ ပုဂံဒေသအတွင်း ရေကန်များ အမြောက်အမြားရှိနေသောကြောင့် ပူပြင်းခြောက်သွေ့သော်လည်း စိုက်ပျိုးရေး၊ လူ၊ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် ရေလုံလောက်စွာ ရရှိနိုင်သည့် အခြေအနေရှိမည်ဟု ယူဆရပေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလ၌ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခဲ့
သည်။ မိုခါမုန်တိုင်း တိုက်ခတ်ခံရသည့် အထဲတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြသည့် စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်းစသည့် သာသနိကအဆောက် အအုံအချို့လည်း အနည်းအကျဉ်း ထိခိုက်မှုရှိခဲ့သည်။ ထိုမုန်တိုင်းကြောင့်ပင် ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် ရေကြီးရေလျှံခြင်း၊ ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲက နောင်တွင် ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် လမ်းညွှန် မှာကြားချက်အရ ပုဂံခေတ် ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် သုတေသနပြုမှုများ၊ ရှေးဟောင်း ရေလမ်းကြောင်းများအား ပြန်လည်ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူ ထိန်းသိမ်းခြင်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့သည်။
ကျန်စစ်သားမင်း ရေးထိုးခဲ့သော အတ္ထုပ္ပတ္တိ ကျောက်စာတွင် ရာသီဥတုနှင့် ပတ်သက်၍ ဖော်ပြထားရာ ကျန်စစ်သားမင်းကြီးလက်ထက် နိုင်ငံတစ်ဝန်းလုံးတွင် အကြိမ်တစ်ရာ့နှစ်ဆယ် မိုးရွာသွန်းခြင်း၊ အခါခပ်သိမ်း စပါးများပြည့်စုံခြင်း၊ နိုင်ငံ၌ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်တို့ ပေါများကြခြင်းနှင့် မှို၊ မျှစ်၊ ပန်း၊ သစ်သီး
များ ပေါများကြောင်း ရေးထိုးထားသည်ကို လေ့လာတွေ့ရှိရသည်။ ကျောက်စာပါ အထောက်အထားများကို သုံးသပ်ကြည့်ပါက ပုဂံခေတ်ကာလ၌ မိုးအသင့်အတင့် ကောင်းမွန်ခဲ့ပြီး စိုက်ပျိုးရေးအတွက် များစွာအထောက်အကူ ဖြစ်စေကာ သစ်ပင်ပန်းမန်များ ဖြစ်ထွန်းခဲ့ကြောင်းနှင့် ရေလုံလောက်စွာရရှိသော အခြေအနေရှိကြောင်း လေ့လာသိရှိရသည်။ ထိုသို့ မိုးရွာသွန်းမှု အခြေအနေများကြောင့် တုရင်တောင်အနီးရှိ မြကန်၊ အလံပုဂံကဲ့သို့ ကန်ကြီးများတွင် ရေသိုလှောင်မှုများ ပြုလုပ်ခြင်း၊ ပုဂံဒေသတစ်ဝိုက်ရှိ ရေကန်များတွင်လည်း ရေသိုလှောင်ထားရှိနိုင်ခြင်းတို့ကြောင့် လူနှင့် တိရစ္ဆာန်များ ရေကိုလုံလောက်စွာ အသုံးပြုနိုင်သည့် အခြေအနေရှိသည်ဟု ဟု ယူဆရသည်။ ပုဂံတစ်ဝိုက်တွင် တွေ့ရှိရသော ရေကန်ကြီးများ အချို့သည် ယနေ့မျက်မှောက်ခေတ်တွင်လည်း အသုံးပြုလျက်ရှိသော ကန်ကြီးများအဖြစ် တွေ့ရှိရသည်။ ရေကန်ကြီးများအတွင်းသို့ မိုးရာသီကာလတွင် တိုက်ရိုက်ရေထည့် သွင်းခြင်းမျိုးမဟုတ်ဘဲ ရေကန်အတွင်း
သို့ဝင်မည့် ရေလမ်းကြောင်းထိပ်တည့်တည့်တွင် ရေစစ်ကန်ကို တစ်ဆင့်ခံ၍ ထားရှိကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် လေးမျက်နှာကန်၊ ဇေယျသွပ်ကန်၊ ဖျောက်ဆိပ်ပင်ကန်၊ သဲပြင်တောရွာရှိ ရေကန်တို့တွင် တွေ့ရှိနိုင်သည်။
ပုဂံဒေသတစ်ဝိုက်တွင် တွေ့ရှိရသော ရေကန်ကြီးများသည် ပုဂံခေတ် ရေသွင်းရေထုတ် စနစ်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးတို့နှင့်ပါ ဆက်စပ်နေသော သမိုင်းတန်ဖိုးကြီးမားလှသည့် ရေကန်ကြီးများဖြစ်ကြသည်။ ပုဂံဒေသတစ်ဝိုက်တွင်တည်ရှိသော ရေကန် ၁၀၆ ကန်တွင် ဘုရားတံတိုင်းဝင်း၊ ဘုန်းတော်ကြီးကျောင်းဝင်း၊ ဟိုတယ်ဝင်းနှင့် အစိုးရဌာန ဆိုင်ရာဝင်းများအတွင်းရှိ ရေကန် ၁၂ ကန်လည်း ပါဝင်သည်။ အဆိုပါ ရေကန် ၁၂ကန်ကို ချန်လှပ်၍ ကျန်ရှေးဟောင်းရေကန်များသည် နှစ်ပေါင်းရာချီ ပို့ကျနေသည့် နုန်းများ၊ သဲများကြောင့် ကောနေရာ လိုအပ်သည့် ရေကန်များအား သဲနုန်းများဆယ်ယူ၍ ပြန်လည်ထိန်းသိမ်းပြုပြင်နိုင်ရေးအတွက် ပထမအဆင့် ၄၆ ကန်နှင့် ဒုတိယအဆင့် ၄၅ ကန်ကို အဆင့်နှစ်ဆင့်ခွဲခြားသတ်မှတ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရေတိုရေရှည် စီမံချက်များရေးဆွဲကာ ဦးစားပေးအလိုက် စတင် ဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ ကန်များတွင် ပို့ကျနေသော နုန်းများ၊ အနည်များအား ဆယ်ယူခြင်းအားဖြင့် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း တိုက်ခတ်မှုကဲ့သို့ ဘုရား၊ ပုထိုး၊ စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်းများ၏ အနီးပတ်ဝန်းကျင်တစ်ဝိုက်၌ ရေဝပ်၊ ရေလျှံခြင်းများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာများ ကောင်းမွန်ခြင်းများကို အထောက်အကူဖြစ်သကဲ့သို့ ဒေသတွင်းရှိ ရှေးဟောင်းကျေးရွာများတွင် နေထိုင်ကြသည့် လူနှင့် တိရစ္ဆာန်များအတွက် သောက်ရေသုံးရေအတွက်သာမက စိုက်ပျိုးရေးအတွက်ပါ အကျိုးပြုစေမည်ဖြစ်သည်။
ယခုအခါ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ သဒ္ဓါကြည်ဖြူ ပြည်သူတို့ကလည်း တတ်အားသရွေ့ အလှူငွေများ ထည့်ဝင်၍လည်းကောင်း ကန်ဆယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်ကာလအတွင်းက တည်ရှိခဲ့သော မြို့ရိုး၊ ကျုံး၊ ရေတွင်း၊ ရေကန်များ၊ ရေမြောင်းများကို ပုဂံသူ၊ ပုဂံသားများက တူးဖော်ခဲ့ကြပြီး သဘာဝမြေမျက်နှာပြင်၏ အနိမ့်အမြင့်ပေါ် မူတည်၍ ရေများစီးဆင်းနိုင်သည့်အနေအထားကို ဆောင်ရွက် ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
ပုဂံခေတ် ရေစီမံခန့်ခွဲမှုဆိုင်ရာနှင့်ပတ်သက်၍ ပြည်တွင်း ပြည်ပပညာရှင်များကို ဖိတ်ခေါ်၍ ဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်ပါ ပူးပေါင်းဆွေးနွေးခြင်းများ၊ ကွင်းဆင်းလေ့လာ သုတေသနပြုခြင်းများနှင့်အထူးသဖြင့် အီတလီနိုင်ငံမှ ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Dr.Massimo Sarti ၏ အကြံပြုချက်ကို ရယူခဲ့သည်။ ပုဂံဒေသရေသွယ်ယူမှုစနစ်မှာ အမြင့်ဆုံး တုရင်တောင်ခြေရှိ မြကန်မှ အလံပုဂံ၊ အလယ်ကန်၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန် စသည့်ရေကန်များရှိရာသို့ ရေစီးလမ်းကြောင်းများက တစ်ဆင့် သွယ်ဖောက်ယူ၍ နောက်ဆုံး၌ ပုဂံမြို့ရိုးနှင့်ကျုံးသို့ ရေသွယ်ယူ စီမံခဲ့ကြောင်းလေ့လာသိရှိရသည်။
ပုဂံဒေသတစ်ဝိုက်ရှိ ရှေးဟောင်း ရေကန်များအားပို့ကျနေသည့် အနည်အနှစ် သဲနုန်းများ တူးဖော်ကန်ဆယ် ရှင်းလင်းခြင်းဖြင့် နွေရာသီရောက်တိုင်း လူများ၊ ကျွဲ၊ နွား တိရစ္ဆာန်များပါ လိုအပ်ပါက အသုံးပြုနိုင်မည်ဖြစ်သည်။ ပုဂံဒေသတွင် ခေတ်အဆက်ဆက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် လမ်းများဖောက်လုပ် ဆောင်ရွက်ခဲ့မှုကြောင့် ရှေးဟောင်း ရေစီးလမ်းကြောင်းများပိတ်ဆို့ခြင်း၊ တိမ်ကောသွားခြင်းများနှင့် နှစ်ပေါင်းရာချီ၍ ပို့ကျ နေသော နုန်းများ၊ သဲများကို ဖယ်ရှား၍ ရေစီးလမ်းကြောင်းများကို ပြန်လည် ဖော်ထုတ်သွားရမည်ဖြစ်သည်။
ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ရေကန် ၉၁ ကန်၏ ပထမအဆင့် ၄၆ ကန်အနက် ဆောင်ရွက်ပြီးစီးခဲ့သည့်ရေကန် ၁၂ ကန်မှာ-
၁။ ရွှေထီးကန် (ပုဂံမျှော်ဘုရား၏ အရှေ့ဘက်)
၂။ ဆွေတော်မျိုးတော်ကန် (စူဠာမဏိဘုရားနှင့် ဓမ္မရံ ကြီးဘုရားကြား)
၃။ ပျားကြီးစွဲကန် (အရှေ့ဖွားစောကျေးရွာနှင့် အနောက်ဖွားစောကျေးရွာကြား)
၄။ ဇီးပင်ကန် (ကန်စွန်းအို ဘုန်းတော်ကြီးကျောင်း၏ အနောက်တောင်ဘက်)
၅။ ဆုတောင်းပြည့်ရေကန် (အာနန္ဒာဘုရား၏ အရှေ့မြောက်ဘက်)
၆။ သဲစစ်ကန်(နရသီဟပတေ့ ဘုရား၏အရှေ့တောင်ဘက်၊ မင်းနန်သူ လေးထောင့်ကန်၏ အရှေ့ဘက်)
၇။ ဖိုးသူတော်ကန် (စူဠာမဏိ ဘုရား၏တောင်ဘက်)
၈။ မြောက်တစ်ဝက်ကန် (မြောက်တစ်ဝက်ဘုရား၏ မြောက်ဘက်၊ ဖိုးသူတော်ကန်၏ တောင်ဘက်)
၉။ ဖျောက်ဆိပ်ပင်ကန်(၁) (ဖျောက်ဆိပ်ပင်ရွာအနီး )
၁၀။ ဖျောက်ဆိပ်ပင်ကန်(၂) (ဖျောက်ဆိပ်ပင်ရွာအနီး)
၁၁။ ဖျောက်ဆိပ်ပင်ကန်(၃) (ဖျောက်ဆိပ်ပင်ရွာအနီး)
၁၂။ ဇယျဝေရိကန် (အရှေ့ဖွားစော ကျေးရွာ၏တောင်ဘက်၊ ကန်စွန်းအိုကျောင်းအတွင်း)
ပုဂံဒေသတစ်ဝိုက်တွင် ဆောင်ရွက်ဆဲ ကန် ၉ ကန်မှာ -
၁။ ရေတော်မုနိကန် ( ဘူးလည်သီး ဘုရား၏ အနောက်တောင်ဘက်)
၂။ ရွာဟောင်းကြီးကန် (ရွာဟောင်း ကြီးဘုရား၏ အနောက် မြောက်ဘက်)
၃။ ဘူးလည်သီးကန် (ဘူးလည်သီး ဘုရား၏ တောင်ဘက်)
၄။ လောကချမ်းသာကန် (ပြာသာဒ်ငယ်ဘုရားအနီး)
၅။ ဆုတောင်းပြည့်ကန် (အေးသာယာကန်)
(ဆုတောင်းပြည့်ဘုရား၏ တောင်ဘက်၊ အနောက် ဖွားစော၏ အနောက် တောင်ဘက်)
၆။ ဆုတောင်းပြည့်ကန်(အုတ်ကန်) (ဆုတောင်းပြည့်ဘုရား၏ အနောက်မြောက်ထောင့်)
၇။ ကိုမောက်ကန် (သံပျင်စွာ ဘုရား၏အနောက်ဘက်)
၈။ မင်္ဂလာကန် ၃ (မွန်းတိမ်းကန်) (သစ္စာဝတီဘုရား၏ အရှေ့ တောင်ဘက်)
၉။ အာမနာကန် (သမ္ဘူလ ဘုရား၏ အနောက် မြောက်ဘက်) တို့ဖြစ်သည်။
ကျန်ရှိနေသေးသော ရေကန်ကြီးများအား ဆက်လက်ဆယ်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ ရေကန်ကြီးများ ဆယ်ယူခြင်းမပြုမီ ရေကန်တစ်ကန်ချင်းစီအား အမွေအနှစ်ထိခိုက်မှု ဆန်းစစ်ချက် HIA (Heritage Impact Assessment) ဆောင်ရွက်ခြင်း၊ မြေမျက်နှာပြင် အနိမ့်အမြင့် အသေးစိတ်လေ့လာနိုင်ရန်နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဆက်စပ်ပူးပေါင်းဌာနများက ပဏာမကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ရေကန်တစ်ကန်စီအား မြေလွှာလေ့လာမှု Top Map ထုတ်ခြင်း တူးဖော်သုတေသန လုပ်ခြင်းများ ဆောင်ရွက်သည်။ ရေကန်များတွင် စမ်းသပ်တူးဖော်မှုအရ မူလရှေးဟောင်း ကန်ပေါင်များ၊ သဘာဝရေဝင် ရေထွက်လမ်းကြောင်းများ ထိခိုက်ပျက်စီးမှုမရှိစေရန် ဂရုပြုဆောင်ရွက်သကဲ့သို့ မြကန်မှကျုံးအထိ အဆင့်ဆင့် စီးဆင်းနေသော ရှေးဟောင်းရေလမ်းကြောင်းများရှိ သဲ၊ နုန်းပို့ကျမှုများ၊ ပိတ်ဆို့နေမှုများကို ရှင်းလင်း ဖယ်ရှားပြီး ရေစီးရေလာကောင်းစေရန်၊ ပုဂံခေတ်ကတည်းက ရှိခဲ့သော ရေစီးစနစ်ကြီး ပြန်လည် သက်ဝင်လှုပ်ရှားစေရန်ပါ တစ်ပါတည်းဆောင်ရွက်သည်။ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသာမက အခြားဆက်စပ် ဌာနများ ဖြစ်သော နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ကလည်း ပူးပေါင်းပါဝင်ကူညီ၍ ဆောင်ရွက်ပေးလျက်ရှိသည်။ ပုဂံဌာနခွဲမှ ဝန်ထမ်းများက ရေကန်များတူးဖော်ရာတွင် အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့မှုဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ယခုလိုအချိန်ကာလတွင် ရှေးဟောင်းရေကန်များ မတိမ်ကော မပပျောက်စေရန်နှင့် ပုဂံဒေသရှိ ပြည်သူလူထုနှင့် အိမ်မွေးတိရစ္ဆာန်များ လိုအပ်ပါက ရေအသုံးပြုနိုင်စေရေးနှင့် ရေကန်ကြီးများမှရေသွယ်တန်း စီးဆင်းသည့် ရေလမ်းကြောင်းများ ဖော်ထုတ်နိုင်ခြင်းဖြင့် စေတီပုထိုးများ၏ အတွင်းအပြင် ပရဝဏ်တို့တွင် ရေများ မဝပ်ခြင်း၊ ရေစီးရေလာကောင်းမွန်လာစေခြင်းကြောင့် ရှေးနှစ်ပေါင်းများစွာက ဘိုးဘေးများ တည်ဆောက် ခဲ့သည့် သာသနိက အဆောက်အအုံများအား ပျက်စီးထိခိုက်နိုင်မှုကို လျော့ပါးလာစေမည် ဖြစ်သည်။
ရေတွင်း၊ ရေကန် တူးဖော်ကုသိုလ်ယူခြင်းအားဖြင့်-
၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ချမ်းသာကြီးခြင်း
၄။ ခွန်အားဗလကြီးခြင်း
၅။ ဉာဏ်ပညာကြီးခြင်း
၆။ စိတ်၏စင်ကြယ်ခြင်း
၇။ ကိုယ်၏သန့်ရှင်းခြင်း
၈။ ဂုဏ်သတင်းကျော်စောခြင်း
၉။ ငတ်မွတ်ခေါင်းပါးခြင်းတို့မှ
လွတ်မြောက်ခြင်း
၁၀။ အခြွေအရံပေါများခြင်း အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
ထို့ပြင် ရေလှူဒါန်းရခြင်းအတွက်လည်း-
၁။ သန့်ရှင်းစင်ကြယ်ခြင်း
၂။ ထင်ရှားကျော်ကြား လူသိများခြင်း
၃။ အခြွေအရံပရိသတ်ပေါများခြင်း
၄။ သွက်သွက်လက်လက်လျင်မြန်ခြင်း
၅။ ဆာလောင်မွတ်သိပ်မှုကင်းခြင်း
၆။ အသက်ရှည်ခြင်း
၇။ အဆင်းလှခြင်း
၈။ ချမ်းသာကြီးခြင်း
၉။ ခွန်အားဗလကြီးခြင်း
၁၀။ ဉာဏ်ပညာကြီးမားခြင်း
၁၁။ တောင်ထိပ်မြေပြင် သစ်ပင်ဖျား ကောင်းကင်တို့၌ပင် ရေကိုလျင်မြန်စွာ ရနိုင်ခြင်း
၁၂။ မိုးခေါင်သောအရပ်၊ နေပူလွန်းသောအရပ်၊ ရေရှားသော အရပ်ဒေသတို့၌ မဖြစ်ရခြင်း
၁၃။ အလိုရှိ၍ တလိုက်လျှင် မိုးရွာပေးခြင်း
၁၄။ ခန္ဓာကိုယ်၌ ပူလောင်မှု၊ အိုက်စပ်မှုမရှိခြင်း
၁၅။ ခန္ဓာကိုယ်၌ မြူမှုန်မကပ်ငြိခြင်း
၁၆။ အထူးစင်ကြယ်သောစိတ်ရှိခြင်း
၁၇။ ယုတ်မာသောစိတ်ထားမှကင်းရှင်း
ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်သည်။
ထို့ကြောင့် ယခုလို အချိန်ကာလတွင် မိမိတို့တတ်အားသရွေ့ အလှူငွေများ ထည့်ဝင်ကာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ နှစ်ပေါင်းကိုးရာကျော်ကာလမှတစ်ကြိမ် ရေကန်များ ပြန်လည်ပြုပြင်ထိန်းသိမ်း
နိုင်သည့် အခွင့်အရေးအား လက်မလွတ်စေရေး ကုသိုလ်ပြု၍ သဒ္ဓါကြည်ဖြူ၊ ရေကန်များဆယ်လှူ၊ ကုသိုလ်ယူ နိုင်ခွင့်အား တိုက်တွန်းနိုးဆော်အပ်ပါသည်။ ။
အောက်ပါလိပ်စာများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်-
၁။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၉-၅၀၆၁၈၃၂
၂။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဖုန်း-၀၉-၂၅၉၁၄၅၆၅၁
၃။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ ဥတ္တရသီရိမြို့နယ်၊
နေပြည်တော်ကောင်စီနယ်မြေ၊ ဖုန်း-၀၆၇-၃၄၀၈၄၅၁
ကိုးကား
၁။ ချစ်သိန်း၊ ဦး - မွန်ကျောက်စာ
ပေါင်းချုပ်၊ ၁၉၆၅ ခုနှစ်၊ ရန်ကုန်။
၂။ မင်းဘူးအောင်ကြိုင်- မြတ်ဘုရား
ရွှေစည်းခုံ လက်ရာစုံ၊ ပထမအကြိမ်၊ ၂၀၀၂ ခုနှစ်၊
စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲ
စာစဉ်၊ ရန်ကုန်။