ပုလောမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းတွင် CDM လုပ်ဆောင်လာအောင် စည်းရုံးလှုံ့ဆော်သူအား ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၄

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ Facebook လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသား၍ CDM တွင် ပါဝင်လုပ်ဆောင်လာအောင် စည်းရုံးလှုံ့ဆော်နေကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်း ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက် လျက်ရှိရာ ဧပြီ ၃ ရက်တွင် ပုလောမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနား လမ်းတွင် နေထိုင်သည့် ကောင်းထက်အောင်(ဘ) ဦးသက်ဦးလွင်၊ (၂၈)နှစ်အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းထားသူ ကောင်းထက်အောင်သည် ၎င်း၏ Ko Kaung facebook Account ဖြင့် လူမှုကွန်ရက်ပေါ်တွင်မဟုတ်မမှန်သော သတင်းများရေးသား၍ ဆူပူအုံကြွမှုဖြစ်ပေါ်အောင် လှုံ့ဆော်ခြင်း၊ အစိုးရဝန်ထမ်းများ CDM လုပ်ဆောင်လာအောင် လှုံ့ဆော်ရေးသားခြင်းနှင့် Dr.Sa Sa နှင့် CRPH ကို ထောက်ခံအားပေးသည့် စာသားများအား တစ်ဆင့်မျှဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ပုလောမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။    

    (၁၀၀)