ပုလဲအတွဲများနှင့်ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ (ဒုတိယနေ့) ဆက်လက်ကျင်းပ

နေပြည်တော်  ဧပြီ  ၂

ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ(ဒုတိယနေ့)ကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။

ပြပွဲဒုတိယနေ့တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် ပြပွဲဗဟိုကော်မတီဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမမြေညီထပ်၌ ခင်းကျင်းပြသထားသည့် ပုလဲ အတွဲများကို ကြည့်ရှုအားပေးပြီး  ရတနာကုန်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ပုလဲအတွဲများအား အိတ်ဖွင့်တင်ဒါတင်သွင်းမှု၊ တင်ဒါပိတ်သိမ်းမှုနှင့် တင်ဒါဖွင့်ဖောက်စစ်ဆေး ရောင်းချပေးနေမှု အခြေအနေ တို့ကို ကြည့်ရှုအားပေးသည်။ ပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၂၁၂ တွဲကို မြန်မာကျပ်ငွေ ၉၄၁၀၀၀၂၈၆ ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

ယနေ့ပြပွဲနှင့် စပ်လျဉ်း၍ ပုလဲရောင်းချရေးလုပ်ငန်းကော်မတီဝင်တစ်ဦးက “ပုလဲ အတွဲတွေကို မြန်မာ ကျပ်ငွေနဲ့ရောင်းချခဲ့တာ ၃၇ ကြိမ်ရှိပါပြီ။ ယူရိုငွေ၊ မြန်မာကျပ်ငွေ တွေနဲ့ ပြည်တွင်းရော   နိုင်ငံခြားမှာရော ရောင်းချခဲ့တာ  စုစုပေါင်း အကြိမ်ရေ ၁၃၁ ကြိမ်ရှိသွားပြီ။ အခုပြပွဲမှာ ပုလဲအတွဲ ၃၁၇ တွဲကို တင်ဒါသုံးခုခွဲပြီး ရောင်းချမှာ ဖြစ်ပါတယ်။ ဒီနေ့မှာ  တင်ဒါအမှတ် ၁ ကို မွန်းတည့် ၁၂ နာရီနဲ့ တင်ဒါအမှတ် ၂ ကို ညနေ ၄ နာရီခွဲမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ မနက်ဖြန် မွန်းတည့် ၁၂ နာရီမှာ တင်ဒါအမှတ် ၃ ကို ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

“အခုခင်းကျင်းပြသထားတဲ့ ပုလဲတွေဆိုရင် ပြည်တွင်းဈေးကွက်မှာ အများဆုံး သုံးတဲ့ ပုလဲတွေကို ပြသထားတာတွေ့ရတယ်။ ဒီထက် အရည်အသွေးမြင့်ပြီး  နိုင်ငံခြား ဈေးကွက်ဝင်တဲ့ ပုလဲက ဒီထက် တစ်ဆင့်တော့ရှိပါသေးတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ရောင်းချဖို့အတွက်ဆိုရင် ခုပြသထားတာတွေက ကောင်းပါတယ်။ ဈေးနှုန်းသင့်တင့် မျှတတဲ့အတွက် လာရောက်ဝယ်ယူတဲ့သူတွေအတွက် အကျိုးရှိပါတယ်။ ဝယ်ရတာလည်းအဆင်ပြေတယ်၊ ပြန်ရောင်းမယ်ဆိုရင်လည်း အကျိုးအမြတ်ရမယ်လို့ ယုံကြည်တယ်။ အခုပြပွဲက သာမန်ထက်စာရင် ပြပွဲလာရောက်သူ အနည်းငယ်နည်းတဲ့အတွက် ပြောရရင် ကျွန်တော်တို့ အတွက်ကကြိတ်ကြိတ်မတိုးရတဲ့အတွက် ပိုကောင်းပါတယ်။ သွားရလာရတာလည်း အဆင်ပြေပါတယ်။ ပြပွဲ တာဝန်ရှိသူတွေအနေနဲ့ကလည်း

ဒီပွဲနဲ့ပတ်သက်ပြီး လုံခြုံစိတ်ချအောင် ပြင်ဆင်ပေးထားတဲ့အတွက် အစစအရာရာ အဆင်ပြေပါတယ်။ ဒီမှာ ပြသထားတဲ့ပုလဲတွေက ဟောင်ကောင်ဈေးကွက်မှာ မျက်နှာပန်းလှတဲ့ ပုလဲအမျိုးအစားဖြစ်ပါတယ်”ဟု ပြပွဲလာရောက်သည့် ရတနာကုန်သည် တစ်ဦးကပြောသည်။

၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဧပြီလ ၁ ရက်မှ ၁၀ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပုလဲအတွဲ ၃၁၇ တွဲ၊ ကျောက်စိမ်းအတွဲ ၂၁၄၈ တွဲ၊ ကျောက်မျက် ၁၉၆ တွဲအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း ရတနာ ကုန်သည်များအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၁၀၀)