နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်သူများ၏ ဥပဒေမဲ့ လုပ်ရပ်များကြောင့် ဒဏ်ရာရရှိခဲ့သည့် Future Green လူမှုကယ်ဆယ်ရေး အသင်းဝင် ဦးရဲသွေးနီအား နယ်မြေခံ တပ်မတော် ဆေးတပ်ရင်းတွင် တက်ရောက်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်ပါ သည်။
ထိုသို့ဆေးကုသမှု ခံယူလျက်ရှိရာမှ ဦးရဲသွေးနီသည် ဒဏ်ရာများ သက်သာ ပျောက်ကင်းခဲ့ပြီဖြစ်သဖြင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဦးရဲသွေးနီနှင့် အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ဝင် ဦးသန့်ဇော်ဦးတို့အား အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်ခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၁၆ ရက် မြောင်းမြမြို့၊ ထောင်ကုန်းရပ်ကွက်၊ ထောင်အဝင် လမ်းဆုံနေရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဆူပူဆန္ဒပြသူများက ဝိုင်းဝန်းပိတ်ဆို့ နှောင့်ယှက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကိုလည်း အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများက ယနေ့တွင် စားသောက်ဖွယ်ရာများ သွားရောက် ပေးအပ်ပြီး အားပေးစကား ပြောကြားကာ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။