ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်နေ ပြည်သူတစ်ဦးအား ဆူပူအကြမ်းဖက်သူလူတစ်စုက ဖမ်းဆီး ရိုက်နှက်

 

ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်နေ ပြည်သူတစ်ဦးအား ဆူပူအကြမ်းဖက်သူလူတစ်စုက ဖမ်းဆီး ရိုက်နှက်

နေပြည်တော်၊ မတ် - ၁၅
    
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ပပဝတီ(၉)လမ်း၊ အိမ်အမှတ်၊ ၂၉၁ တွင် နေထိုင်သူ ဦးတင်လှိုင် (ရာအိမ်မှူးတာဝန်ထမ်းဆောင်သူ)သည် မတ် ၁၄ ရက်တွင် ၎င်း၏ နေအိမ်ရှေ့သစ်ပင်မှ မြကျွန်းသာအဝိုင်းနားဓာတ်တိုင်အထိ တပ်မတော်အပေါ် အကြည်အညိုပျက်စေမည့် ဓာတ်ပုံများ ကပ်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ သတင်းပို့ပြီး ည ၁၀ နာရီခန့်တွင် နေအိမ်သို့ပြန်လာစဉ် ရပ်ရွာ အေးချမ်း သာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအား မလိုလားသော ဆူပူအကြမ်းဖက်သူလူတစ်စုက လေးဂွများ၊ ခဲများဖြင့် နေအိမ်သို့ ဝိုင်းဝန်းပစ်ပေါက်ကြပြီး အိမ်အတွင်းသို့ ဝင်ရောက်ရန်ပြု လာသဖြင့် ဦးတင်လှိုင်နှင့်ဇနီးဖြစ်သူတို့ ၂ ဦးသည် နေအိမ်အနောက်ဘက်မှ ခုန်ချထွက်ပြေး ခဲ့ရာ ဆူပူအကြမ်းဖက်သူများမှ ၎င်းင်းမိသားစုနေအိမ်အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။
    
ဆက်လက်၍ ဆူပူအကြမ်းဖက်သူလူတစ်စုက ၎င်းင်းတို့နောက်သို့ လိုက်လံဖမ်းဆီး ခဲ့ရာ ဇနီးဖြစ်သူမှာ နေအိမ်မလှမ်းမကမ်းရှိ ရေမြောင်းထဲတွင် ပုန်းအောင်းနေပြီး ဦးတင်လှိုင် မှာ မြကျွန်းသာ ပထမဆုံးလမ်းထဲသို့ ဝင်ပြေးပုန်းစဉ် ဆူပူအကြမ်းဖက်သူလူတစ်စုက လက်ပြန်ကြိုးတုတ်၍ ၎င်းင်း၏ ခန္ဓာကိုယ်အနှံ့ ရှာဖွေကြရာ ဖုန်းနှင့်ကြံ့ခိုင်ရေးပါတီဝင်ကဒ်ပြား အား တွေ့ရှိသဖြင့် သိမ်းဆည်း၍ ၎င်းင်းအား တုတ်ဖြင့်ရိုက်ခြင်း၊ ဓားဖြင့်ထိုးခြင်း၊ ထိုးကြိတ်ကန်ကျောက်ခြင်းများပြုလုပ်ခဲ့ပြီး ည ၁၁ နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုမှ ဦးတင်လှိုင်အား ရထားလမ်းဘေးရှိ သစ်ပင်အနီး အဝတ်အစားများ ချွတ်ကာ ပလပ်စတစ် ကြိုးဖြင့်ချည်၍ ဆဲဆိုပစ်ထားခဲ့ကြောင်း သိရှိရသည်။
    
၎င်းနောက် ဆူပူအကြမ်းဖက်သူလူတစ်စုက ယနေ့နံနက် ၅ နာရီခွဲခန့်တွင် ဦးတင်လှိုင် အား အဝတ်အစားများ ပြန်ဝတ်ခိုင်းပြီး ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ပပဝတီ (၃)လမ်း၊ စည်ပင်ရေစက်ဝန်းနေသူထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ လာရောက်ခေါ်ဆောင်ရန် အကြောင်းကြားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ခေါ်ဆောင်ရာ ဆူပူအကြမ်းဖက်သူလူတစ်စု၏ ရိုက်နှိပ်မှုကြောင့် ဦးတင်လှိုင်တွင် ဝဲဒူးဖူးရောင်၊ မျက်နှာဖူးရောင်၊ နောက်ကျောပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းပေါက်ပြဲဒဉ်ရာများဖြင့် တွေ့ရှိသဖြင့် နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
    
ဆူပူအကြမ်းဖက်သူလူတစ်စု၏ ရိုက်နှပ်မှုကြောင့် ဆေးကုသမှုခံယူနေသည့် ဦးတင်လှိုင် အား ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။ 
    
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင် ကြသည့် ဆူပူအကြမ်းဖက်သူလူတစ်စုအားအမြန်ဆုံးဖမ်းဆီးရမိရေးအား သက်ဆိုင်ရာမှ အသေးစိတ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဥပဒေအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။