ပေါက်မြို့နယ်၊ ကျောက်အိုးကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဇူလိုင် - ၁၈
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း အများပြည်သူများလုံခြုံအေးချမ်း မှုရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၁၅ ရက် နံနက် ၇ နာရီခန့်၌ ကျောက်အိုးကျေးရွာတွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း ပြည်သူ အချို့၏ သတင်းပေးပို့လာမှုအရ သွားရောက်ခဲ့ရာ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ များ၏ နေအိမ် ၈၀ လုံးခန့်မှာ မီးလောင်ပျက်စီးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း လုံခြုံရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်စဉ် ကျေးရွာဘုန်းကြီးကျောင်းအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ ဝါးညှပ်မိုင်း ၉၉ ချောင်း၊ လည်တိုဖိနပ် ၆ ရံ၊ လည်ရှည်ဖိနပ် ၁ ရံ၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ ကန့်မှုန့် ၅၀ ကျပ်သား၊ ဓာတ်ခဲအကြီး (ဝါယာကြိုးတပ်လျက်) ၄ လုံး၊ ဘောစိ ၅၀၀ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ဒေသခံပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်၍ ဆက်ကြေးများ ကောက်ခံခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို အသိတရားကင်းမဲ့စွာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။