ပေါင်မြို့နယ်၊ မုတ္တမမြို့၊ ကျွဲခြံကျေးရွာ၊ မုတ္တမတောင်တန်းပေါ်ရှိ သမိုင်းဝင် မမကြီး စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူ ပူဇော်ပွဲ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၆
    
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့၊ ကျွဲခြံကျေးရွာ၊ မုတ္တမတောင်တန်းပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင် မမကြီးစေတီတော်မြတ်ကြီး ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ပေါင်မြို့နယ်သံဃနာယကဉက္ကဌ ဆရာတော် ဘဒ္ဒန္တပညာသာမိ အမှူးပြုသော သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပေါင်မြို့နယ်သံဃနာယက ဉက္ကဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်က မေတ္တာ သုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။
    
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သမိုင်းဝင်မမကြီးစေတီတော် မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော် များထံသို့ ဆက်ကပ်လှူဒါန်းကြပြီး ပေါင်မြို့နယ် သံဃနာယကအဖွဲ့ ဉက္ကဌ ဆရာတော် ဘဒ္ဒန္တပညာသာမိထံမှ အနုမောဒနာတရား နာယူကာ ရေစက်သွန်းချအမျှပေးဝေကြသည်။ 

ဆက်လက်၍ သံဃာတော်အရှင်သူ မြတ်များနှင့် တက်ရောက်လာကြသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးကြိမ်လှည့်လည်ပူဇော်ကြပြီး မင်္ဂလာရထား ပျံဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကာ အမွှေးနံ့သာရည်များပက်ဖျန်းကာ ဇယန္တောဗောဓိယာမူလေအစချီ အောင်ဂါထာတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။