ပေါ့ဂ်ဘာဝတ်ဆင်သည့် နောက်ဆုံးပေါ် Predator ဘောလုံးကန်ဖိနပ် Adidas ခင်းကျင်းပြသပြီး ပေါင် ၂၃၀ တန်ကြေးရှိ

 

ကမ္ဘာကျော် အားကစားပစ္စည်းထုတ်ကုမ္ပဏီကြီး Adidas သည် နောက်ဆုံး ပေါ်နည်းပညာများဖြင့် အဆင့်မြှင့်တင်ထုတ်လုပ်လိုက်သော The Predator Freak ဘောလုံးကန်ဖိနပ်ကို စတင်ပြသခဲ့ပြီး ထိုဖိနပ်တစ်ရန်တန်ကြေးသည် ပေါင် ၂၃၀ ရှိကြောင်း မိတ်ဆက်ကြေညာခဲ့သည်။

ထိုဖိနပ်ကို တစ်နှစ်ကြာစမ်းသပ်ခဲ့ပြီး ပရော်ဖက်ရှင်နယ်နှင့် အပျော်တမ်းဘောလုံးသမားများထံမှ တုံ့ပြန်မှုကိုနားထောင်ကာ သက်သောင့်သက်သာအံဝင်ခွင်ကျဖြစ်စေရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖိနပ်အပေါ်ယံတွင် စူးခက်များပါသော Demonskin တပ်ထားပေးခြင်းဖြင့် ဘောလုံး ထိချက်များသည်လည်း အထူးတိကျကာ သက်သောင့်သက်သာအရှိဆုံးနှင့် အကောင်းဆုံးဘောလုံး ကန်ဖိနပ်ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။

အဆိုပါဖိနပ်ကို ဝတ်ဆင်ကစားသူများထဲတွင် ကမ္ဘာကျော်ဘောလုံးသမားများဖြစ်သည့် မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနှင့် ဘိုင်ယန်ကစားသမား ဒေးဗစ်အလာဘာတို့ပါဝင်သည်။ ပေါ့ဂ်ဘာ က “ပထမဆုံးအကြိမ် စဝတ်လိုက်ကတည်းက ဒီဇိုင်းနဲ့ ထူးခြားကောင်းမွန်တဲ့ဖိနပ် ဖန်တီးလိုက်ပြီ ဆိုတာ သိလိုက်တယ်။ ဘောလုံးကို စထိမိလိုက်တာနဲ့ ကိုယ့်ခြေထောက်နဲ့ ထိတွေ့ခံစားရမှုက ခြားနားစွာနဲ့ ကောင်းမွန်နေခဲ့တယ်”ဟု ပြောသည်။