ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ အကြမ်းဖက်သူများက ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ ၃ ဦးနှင့် ပြည်သူ ၁ ဦးအား ဖမ်းဆီးပြီး အုပ်ချုပ်ရေးတာဝန်ရှိသူ ၁ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့

နေပြည်တော်၊ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ အကြမ်းဖက်သူများက ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ ၃ ဦးနှင့် ပြည်သူ ၁ ဦးအား ဖမ်းဆီးပြီး အုပ်ချုပ်ရေးတာဝန်ရှိသူ ၁ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်ကြသော ဦးသန်းနွယ်အောင်၊ ဦးအောင်လွင်သန်းနှင့် ဦးကျော်မြင့်တို့သည် ဇွန် ၂၁ ရက်ညနေ ၄ နာရီခွဲခန့်တွင် အင်းကပ္ပလိပ်ကျေးရွာမှ သောင်ကြီးကျေးရွာသို့ စက်လှေဖြင့် ထွက်ခွာလာစဉ် လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား ၅ ဦးတို့မှ စက်လှေအားတားကာ ၎င်းတို့အား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေစုံစမ်းစဉ် ဇွန် ၂၂ ရက်တွင် သောင်ကြီးကျေးရွာအုပ်စု ထိုဖိုကျေးရွာအနီးရှိ ဦးရွှေလင်း၏နေအိမ်အား သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်း မည်သူကိုမှ မတွေ့ရှိရဘဲ နေအိမ် အတွင်းမှ လက်လုပ်သေနတ် ၂၀ လက်၊ လက်လုပ်မိုင်း ၁၃ လုံးနှင့် အကြမ်းဖက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိခဲ့ပြီး အနီးပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ အဆိုပါ နေအိမ်၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာရှိ အက်ဝိချောင်းအတွင်းမှ ပြည်တော်ကိုယ်ကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးသန်းနွယ်အောင်အား ဦးခေါင်းကွဲ၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် မဒေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးသန်းနွယ်အောင်အား ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။