နေပြည်တော်၊ ဇွန် - ၄
နိုင်ငံအတွင်းရှိ အနာဂတ်ရင်သွေးငယ်များအား အသိပညာ၊ အတတ်ပညာများ တိုးတက်စေရန်အတွက် အခြေခံပညာကျောင်းများအား ဖွင့်လှစ်သင်ကြားပေးလျက် ရှိသော်လည်း မသမာသူ အကြမ်းဖက်သမားများက ၎င်းတို့၏ တစ်ပါတီ ကိုယ်ကျိုး စီးပွားအတွက် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ စမ်းကြီးကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့မွန်းလွဲပိုင်းတွင် ကျေးရွာမှ ဒေသခံပြည်သူ ၆ ဦး၊ ဆရာ၊ ဆရာမ ၅ ဦးတို့သည် ကျောင်းဝန်းအတွင်း အဆောက်အဦ ဆောက်လုပ်ရန်အတွက် လှည့်လည်ကြည့်ရှု နေစဉ် ကျောင်းခြံစည်းရိုးအနီးရှိ ဝါးပုံပေါ်၌ ကျွတ်ကျွတ်အိတ်အနက်ရောင် ၁ လုံး တွေ့ရှိသဖြင့် ကျေးရွာနေ ဦးမျိုးဦးက ဆွဲယူကြည့်ရှုခဲ့ရာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ဦးမျိုးဦးနှင့် အနီးရှိ ဦးသန်းဝင်း တို့ ၂ ဦးမှာ နေရာ၌ပင် သေဆုံးခဲ့ပြီး ဦးဇော်မိုးအောင်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် နေအိမ် သို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးခဲ့ပြီး ဆရာ၊ ဆရာမ ၅ ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါစမ်းကြီးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ကျောင်းတက်နေမှုအပေါ် အဖျက်အမှောက်ဆောင်ရွက်လိုသူ များက အကြမ်းဖက်အဖွဲ့အစည်းများ၏ အလေ့အထများအတိုင်း အကြမ်းဖက်ပြုမှု ဆောင်ရွက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူလူထုများ သေဆုံးခဲ့ရခြင်းဖြစ်ပြီး ပြည်သူ များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများအား ရွံရှာစက်ဆုပ်လျက်ရှိကြောင်း သိရှိ ရသည်။