ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နှင့် သာယာဝတီမြို့တို့၌ တပ်မတော် ထောက်ခံပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁

     ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင်  ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့တွင် အင်အား ၃ဝဝဝ ဦးခန့်ဖြင့် လည်းကောင်း၊ သာယာဝတီမြို့တွင် အင်အား ၅ဝဝ ဦးခန့်ဖြင့် လည်းကောင်း၊  ပြုလုပ်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)နှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆိုထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် UEC အသစ်အား ကြိုဆိုပါသည်၊ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက် များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလာဒ် အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက် ပေးသော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ တပ်မတော်နှင့်ပြည်သူ သွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြ သည်။

     အများပြည်သူများအနေဖြင့် တပ်မတော်က ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှု ဖြစ်စဉ်များအပေါ် ရွေးကောက်ပွဲကော်မရှင် တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူများမှ ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။