ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျူချောင်းကျေးရွာ၌ အစာအဆိပ်သင့်မှုဖြစ်ပွား၍ ကျောင်းသူ ၂ ဦးသေဆုံး

နေပြည်တော်၊ ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျူချောင်းကျေးရွာ၌ အစာအဆိပ်သင့်မှုဖြစ်ပွား၍ ကျောင်းသူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျူချောင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ကျူချောင်း)တွင် သတ္တမတန်း ကျောင်းသူ များဖြစ်သည့် ၎င်းကျေးရွာနေ မစုမယ်ဆန်း (၁၂)နှစ်၊ (ဘ)ဦးကျော်နိုင်နှင့် မသဇင်ခိုင် (၁၂)နှစ် (ဘ)ဦးမောင်မြင့်ရွှေတို့ ၂ ဦးသည် ၎င်းတို့၏ စာသင်ခန်းအတွင်း၌ တံမြက်စည်း လှည်းသန့်ရှင်းရေး ပြုလုပ်နေစဉ် လဲကျသွားကြောင်း ကျောင်းသား ၁ ဦးက ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမာမြင့်ထံ လာရောက်ပြောကြားသဖြင့် သွားရောက်ကြည့်ရှုရာ မသဇင်ခိုင်မှာ အခန်းအတွင်း စာရေး စား ပွဲဘေး၌ လဲကျနေပြီး မစုမယ်ဆန်းမှာ နံရံမှီလျက်အနေအထားဖြင့် လဲကျကာ ၎င်းတို့ ၂ ဦး၏ပါးစပ်မှ အမြှုပ်အနည်းငယ်ထွက်နေသည်ကို တွေ့ရှိရသဖြင့် ကျောင်းအုပ်ဆရာမကြီးနှင့် သားဖွား ဆရာမဖြစ်သူ ဒေါ်စန်းစန်းအေးတို့မှ သနပ်ပင်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ဆေးရုံသို့ ရောက်ရှိစဉ် ကျောင်းသူ ၂ ဦးမှာ သေဆုံးသွားခဲ့ပါသည်။

အဆိုပါ ကျောင်းသူ ၂ ဦးသေဆုံးမှုနှင့် ပတ်သက်၍ ဆေးရုံကြီးမှုခင်းဆရာဝန်၏ ရင်ခွဲ စစ်ဆေးချက် အရ အစာအဆိပ်သင့်သေဆုံးကြောင်း ကနဦးသိရှိရပြီး ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။