ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဟောင်းပါ အမျိုးသား ၄ ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

နေပြည်တော်၊ မေ ၂၉
    
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အမှတ်(၇) ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူးရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအတွင်းရှိ သစ်သားဆက်တီ ၁ စုံ၊ ဘီရို ၃ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၁၂ လုံး၊ ရေပူ/ရေအေးစက် ၁ လုံး၊ စားပွဲ ၂ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
    
အဆိုပါရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ အေးမြ သာယာကျေးရွာအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးအဟောင်းဖြစ်သူ အမှတ်(၁)ရပ်ကွက်နေ တင်ညွန့် (၇၁)နှစ် (ဘ)ဦးကျော်သိန်း၊ အမှတ်(၂)ရပ်ကွက်နေ ဝင်းမောင်(၆၅)နှစ် (NLDတက်ကြွလှုပ်ရှားသူ) (ဘ)ဦးရန်ရှိန်၊ ချစ်ထိုက်သူ(၃၄)နှစ်၊ (ဘ)ဦးမောင်မောင်အေးနှင့် အမှတ်(၁) ရပ်ကွက်နေ အောင်ဇင်ထက်(၃၀)နှစ်၊ (ဘ)ဦးတင်မြင့်တို့ ၄ ဦးမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသဖြင့် ၎င်းတို့ ၄ ဦးအား ၎င်းတို့၏ နေအိမ်များမှ သွားရောက်ဖမ်းဆီးရမိခဲ့သည်။
    
ထိုကဲ့သို့ နိုင်ငံတော်အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အများပြည်သူအထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအဟောင်းဖြစ်သူ တင်ညွှန့်ပါ အမျိုးသား ၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။