နေပြည်တော် ဧပြီ ၁၉
ဧပြီလ ၉ ရက်တွင် ဖြစ်ပွားခဲ့သော ပဲခူးမြို့ပေါ် ရပ်ကွက်များအတွင်း အတား အဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှား ရှင်းလင်းစဉ် ဆူပူအကြမ်းဖက်သူများက ရန်ပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ၁ဝ-၄-၂ဝ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖြစ်စဉ်သတင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ယင်းဖြစ်စဉ်များတွင် ပဲခူးမြို့ပေါ် ရပ်ကွက်အချို့တွင် ဆူပူအကြမ်းဖက်သူများက လက်လုပ်သေနတ်များ၊ ကျည်စစ်ကျည်မှန်များ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများ၊ လေးနှင့်မြားများ၊ လေးခွများ၊ ဂျင်ကလိများ၊ လက်လုပ်ဒိုင်းများ အစရှိသော တရားမဝင်အကြမ်းဖက် လက်နက်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ရန်ပြုတိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းများအတိုင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ရပါသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုများအား ထိန်းသိမ်း ဆောင်ရွက်ရာတွင် ပစ်ခတ်မှုကြောင့် သေဆုံးမှုများ ရှိလာပါက ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ သေမှုသေခင်းဖွင့်ပြီး စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်လျက် ရှိသလို သေဆုံးသူ အလောင်းများ (Dead Bodies) အား မြှုပ်နှံသင်္ဂြိုဟ်ပြီးသည်အထိ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကာ သေဆုံးသူတိုင်း၏ မှုခင်းဆိုင်ရာ မှတ်တမ်းများအား စနစ်တကျ ထိန်းသိမ်းထားရှိပါသည်။
ဧပြီလ ၉ ရက်၊ ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စနစ်တကျ မှတ်တမ်းတင်ထားသော စာရင်းများအရ ဆူပူအကြမ်းဖက်သူများဘက်မှ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား ၄ ဦးသေဆုံးခဲ့ကာ အကြမ်းဖက်သူ အမျိုးသား ၃၆ ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ပါသည်။ ဆူပူအကြမ်းဖက်သူများ၏ အကြမ်းဖက် လက်နက်များ၊ ကျည်စစ်ကျည်မှန်များဖြင့် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
သို့ရာတွင် ပဲခူးဖြစ်စဉ်များနှင့် ပတ်သက်၍ သေဆုံးသူ အရေအတွက်အား လူမှု ကွန်ရက်ပေါ်တွင် အခြေအမြစ်မရှိသော သတင်းတု၊ သတင်းအမှားများ ရေးသားခဲ့သဖြင့် သေဆုံးသူ အရေအတွက်များ အဆမတန် ဖောင်းပွနေပြီး ထိုသတင်းများကို အခြေခံ၍ ထိုင်းနိုင်ငံအခြေစိုက် တရားမဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ပဲခူးဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူသေဆုံးသည့်အရေအတွက်အား ၈၂ ဦးအထိ ဖော်ပြခဲ့ပါသည်။ AAPP မှ ဖော်ပြထားသော စာရင်းတွင် ၇၆ ဦးမှာ အမည်အပါအဝင် မည်သည့်ကိုယ်ရေး အချက်အလက်မှမပါဝင်ဘဲ အရေအတွက်ကိုသာ ဖော်ပြထားကြောင်း တွေ့ရှိရသဖြင့် သေဆုံးသည်ဟု အတည်မပြုနိုင်သော သူများသာဖြစ်ကြောင်း တွေ့ရှိရပါသည်။
စိစစ်ချက်များအရလည်း အမှန်တကယ် သေဆုံးသူမှာ ၄ ဦးသာဖြစ်သဖြင့် လူမှု ကွန်ရက်များတွင် ဖော်ပြနေသည့် အခြေအမြစ်မရှိသော သတင်းအမှားများအား အတည်မပြုနိုင်ကြောင်း တွေ့ရပါသည်။ အမှန်တကယ် သေဆုံးမှုများရှိပါက ဥပဒေအရ သက်ဆိုင်ရာသို့ အလောင်းအပ်နှံပြီး သေမှုသေခင်းဖွင့်ကာ သေဆုံးသည့် အကြောင်းအရာကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေး ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် AAPP မှ ထုတ်ပြန်သော အဆိုပါ သေဆုံးမှု အရေအတွက်သည် အခြေအမြစ်မရှိသော စွပ်စွဲချက်သာ ဖြစ်ပါသည်။
အခြားဆူပူ အကြမ်းဖက်မှုဖြစ်စဉ်များ၌ ဖြစ်ပွားခဲ့သည့် သေဆုံးမှုဖြစ်စဉ်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များဖြင့် ပစ်ခတ်မှုကြောင့်မဟုတ်ဘဲ ဆူပူအကြမ်းဖက်သူများ အချင်းချင်း ပစ်ခတ်မှုကြောင့် သေဆုံးခြင်းနှင့် အခြားနည်းလမ်းဖြစ်သည့် ဆူပူအကြမ်းဖက်သူများက အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်းများလည်း ရှိခဲ့ပါသည်။ သို့ဖြစ်၍ ပဲခူးဖြစ်စဉ်တွင်လည်း အလားတူ အခြေအနေမျိုးများ ရှိနိုင်ပြီး ဆူပူအကြမ်းဖက်သူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်ခြင်း မရှိစေရန် ကွယ်ဝှက်ထားသည့် အခြေအနေများ ရှိနိုင်ကြောင်း တွေ့ရှိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်များအတိုင်း အကြမ်းဖက်သမားများကိုသာအကန့်အသတ်ဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် သေမှုသေခင်းဖွင့်၍ စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။