ပဲခူးမြို့ပေါ် ရပ်ကွက်များအတွင်း ဆူပူအကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် အတားအဆီးများအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်း ဖယ်ရှားစဉ် ဆူပူအကြမ်းဖက်သူများက ရန်ပြုတိုက်ခိုက်

နေပြည်တော်  ဧပြီ  ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း  ဆူပူအကြမ်းဖက် အဖွဲ့များအနေဖြင့် လမ်းများ၊ လမ်းသွယ်များ၊ လမ်းကြားများတွင် သဲအိတ်များ၊ တာယာကွင်းများ၊ သံပေါင် အတားအဆီးများကို လွန်ခဲ့သော ရက်ပိုင်းမှစတင်၍ အခိုင်အမာ ပြုလုပ်ပြီး အတားအဆီးများ အနီးရှိ ပြည်သူလူထုများအား ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ အကြောက်တရားဖြင့် ဖိအားပေးပြီး ညအချိန်အခါများတွင် ကင်းစောင့်သည်ဟု အကြောင်းပြကာ အရက်သေစာ သောက်စားမူးယစ်ခြင်း၊ မူးယစ်ဆေးဝါး အသုံးပြုပြီး ဆူပူအော်ဟစ်ခြင်းများကြောင့် အေးချမ်းစွာ နေထိုင်လိုသူ ပြည်သူလူထု အနေဖြင့် အလွန်အမင်း စိတ်မချမ်းမြေ့ခြင်း၊ မီးဘေးအန္တရာယ်များကို အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းများကို ခံစားနေရခြင်းကြောင့် ယခုကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်နေမှုများကို အမြန်ဆုံး ရှင်းလင်းဖယ်ရှား ဆောင်ရွက်ပေးပါရန်    အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်သို့ တယ်လီဖုန်း၊ စာများဖြင့် တင်ပြလာခဲ့ပါသည်။

ထိုသို့ တင်ပြလာမှုများနှင့်အညီ ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့ပေါ် ရပ်ကွက်များအတွင်း ဆူပူအကြမ်းဖက်သူများမှ အများပြည်သူသွား လမ်းမ၊ လမ်းသွယ်များပေါ်တွင် ပြုလုပ်ထားရှိသော    အတားအဆီးများအား လိုက်လံရှင်းလင်း ဖယ်ရှားနေစဉ် နံနက် ၅ နာရီအချိန်ခန့်တွင် ရှင်စောပုရပ်ကွက်၊ မဂ္ဂတစ်လမ်းနှင့် ဆိုရှယ်လစ် (၁)လမ်းထောင့်ရှိ အတားအဆီးအား ဖယ်ရှားနေစဉ် ဆူပူအကြမ်းဖက်သူ အင်အား ၃ဝ ဦးခန့်မှ လက်လုပ်သေနတ်၊ လေးခွ၊   ဂျင်ကလိ၊ လက်ပစ်ဗုံးတို့ဖြင့်   ပစ်ပေါက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၇ နာရီအချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူများ ပစ်ပေါက်ခဲ့သည့် လက်ပစ်ဗုံး အမျိုးအစား (စိစစ်ဆဲ) ၂ လုံးမှာ ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ    စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီအချိန်ခန့်တွင် နန်းတော်ရာရပ်ကွက်၊ ဆံတော်တွင်းလမ်းမပေါ်ရှိ အတားအဆီးများအား ရှင်းလင်းဖယ်ရှားနေစဉ် ဆူပူ အကြမ်းဖက်သူ အင်အား ၈ဝ ဦးခန့်မှ လက်လုပ်သေနတ်၊ လေးခွ၊ ဂျင်ကလိများဖြင့်    အကြမ်းဖက်ရန်ပြု ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၈ နာရီ ၂ဝ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူများ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင်  ခဲသီးဖောက်ဝင် ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ နံနက် ၁ဝ နာရီအချိန်တွင် အတားအဆီးများအား ရှင်းလင်းစဉ် နန်းတော်ရာ ရပ်ကွက်၊ စက်ပိုင်း ၄ လမ်းရှိ ''ခင်''အလှပြင်ဆိုင်အား သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ၊ ဂျင်ကလိများ၊ လေးကိုင်း၊ မြားတံများ၊ လက်လုပ်ဒိုင်းများနှင့် အခြား ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ၎င်းဆိုင်အနီးရှိ အတားအဆီးအား ရှင်းလင်းစဉ် သဲအိတ်များ အောက်တွင် လက်လုပ်မိုင်း ၂ လုံးအား ဝိုင်ယာကြိုးဖြင့် တွဲဆက်၍ ထောင်ထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက   အသက်မဲ့ပြုလုပ် ဖယ်ရှားရှင်းလင်းခဲ့ရသည်။

အလားတူ နံနက် ၉ နာရီခွဲအချိန်တွင် ပုဏ္ဏားစုရပ်ကွက်၊ မှော်ကန် ၁၅ လမ်းထိပ်တွင် အတားအဆီးများအား ဆက်လက် ရှင်းလင်းနေစဉ် ဆူပူအကြမ်းဖက်သူ အင်အား ၅ဝ ဦးခန့်မှ လက်လုပ်သေနတ်၊ မီးပုလင်း၊   လေးခွ၊   ဂျင်ကလိများဖြင့် အကြမ်းဖက်ရန်ပြု ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက  ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများအား ဆက်လက်ရှင်းလင်းခဲ့ရာ နံနက် ၉ နာရီ ၅ဝ မိနစ်အချိန်ခန့်တွင် နန်းတော်ရာရပ်ကွက်၊ ဆံတော်တွင်းလမ်းမအရောက်   ဓာတ်မီးတိုင်တစ်တိုင်အနီး သံပိုက်လုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အသက်မဲ့ ပြုလုပ်ဖယ်ရှားရှင်းလင်းခဲ့ရသည်။

ဖော်ပြပါ အတားအဆီးများအား ဖယ်ရှားရှင်းလင်းရာတွင် အခိုင်အမာ ပြုလုပ်ထားမှုများကြောင့် လူအင်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းအပြင် ယာဉ်ကြီး/ယန္တရားများ အသုံးပြု ဖယ်ရှားရှင်းလင်းခဲ့ရသည်။

ဆူပူအကြမ်းဖက်အဖွဲ့အနေဖြင့် လက်ပစ်ဗုံး အစစ်အမှန်များအား အသုံးပြုခဲ့ကြသည်ကို မပေါက်ကွဲသေးသည့် လက်ပစ်ဗုံး အစစ်အမှန် အထောက်အထားများနှင့် ကျည်ခွံများအရ လက်နက်ငယ် ကျည်စစ်ကျည်မှန်များ အသုံးပြုခဲ့သည့် အထောက်အထားများကို တွေ့ရှိရပါသည်။ ဆူပူအကြမ်းဖက်အဖွဲ့၏ ကျည်စစ်ကျည်မှန် အသုံးပြုတန်ပြန် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆူပူအကြမ်းဖက်အဖွဲ့မှ အမျိုးသား ၁ ဦးမှာ သေဆုံးကာ အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆူပူအကြမ်းဖက်အဖွဲ့ထံမှ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံး (အစစ်များ)၊ ဂျင်ကလိများ၊ ဓာတ်ဆီပုလင်းများ၊ ဒိုင်းများ၊ လောက်လွဲစင်များနှင့် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။