ပဲခူးမြို့ရှိ မြဝတီဘဏ်နှင့် ကနီမြို့နယ်၊ မိုးကောင်းကျေးရွာရှိ Mytel တာဝါတိုင်တို့အား အကြမ်းဖက်လူအုပ်စုများက ဖျက်ဆီးမှုများပြုလုပ်
နေပြည်တော်၊ မတ်လ ၁၆
မြန်မာနိုင်ငံအတွင်း၌ အချို့မြို့ကြီးများတွင် ဆူပူဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်ရေးအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို မလိုလားသော အကြမ်းဖက်ရမ်းကားသည့် လူအုပ်စုများသည် အချို့မြို့ကြီးများရှိ အများ ပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းကြောင်း များတွင် အတားအဆီးများချထား ပိတ်ဆို့ခြင်း၊ တာယာကွင်းများစုပုံ၍ မီးရှို့ခြင်း၊ အထိတ်တလန့် ဖြစ်စေရန် အသံပေးလက်လုပ်ဗုံးများ ပစ်ခတ်ခြင်း၊ ညာသံပေးအော်ဟစ်ခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အဦနှင့် မော်တော်ယာဉ်များအား ဖျက်ဆီးခြင်း၊ ဘဏ်အချို့ရှိ ATM ငွေထုတ်စက်များအား ဖျက်ဆီး၍ ငွေများလုယူခြင်းစသည့် မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်မှုများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လာခဲ့သည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဗန္ဓုလလမ်း၊ ခရစ်ယာန်ဘာသာရေးကျောင်းဘေးရှိ မြဝတီ ဘဏ်အား ဆူပူဆန္ဒပြအကြမ်းဖက်သူများက မတ် ၁၄ ရက် ညနေပိုင်းတွင် ကျောက်ခဲ၊ လေးဂွ တို့ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ရာ ဘဏ်ခြံစည်းရိုးရှိ မီးသီးများ၊ ပြတင်းပေါက်မှန်များ၊ အလှစိုက်ပန်းအိုးများနှင့် ဘဏ်ရှေ့တွင် ရပ်ထားသည့် Fielder အမျိုးအစား မော်တော်ယာဉ်ရှိ မှန်များကြေကွဲပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိုးကောင်းကျေးရွာ၏ မြောက်ဘက် မိုးကောင်း-တပုန်းသွားကားလမ်းဘေးတွင် စိုက်ထူထားရှိသည့် Mytel Tower တိုင်ကိုလည်း ယနေ့ နံနက် ၄ နာရီခန့်တွင် မသမာ သူအကြမ်းဖက်သမားများက ရေနံဆီများ၊ သစ်ကိုင်းခြောက်များဖြင့် မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် Mytel Installation Cabinet ပုံး၊ Breaker AC/DC ပုံးနှင့် Power Meter ပုံးများ မီးလောင်ပျက်စီးခဲ့ကာ မိုးကောင်းကျေးရွာအနီးတစ်ဝိုက်၌ Mytel တယ်လီဖုန်းလိုင်းများ ပြတ် တောက်လျက်ရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး နှင့် တရားဉပဒေအရအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းဆက်စပ်ဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။