ပျဉ်းမနားမြို့နယ်၊ ကြိမ်အင်းကျေးရွာ၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်လုပ်မိုင်း များဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၂

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၁ နာရီခန့်တွင် ပျဉ်းမနားမြို့နယ်၊ ကြိမ်အင်းကျေးရွာရှိ ဇော်ဝင်းဦး(၄၇)နှစ် (ဘ)ဦးကိုကြီး၏နေအိမ်အား သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ဇော်ဝင်းဦးအား နေအိမ်၌ အသင့်တွေ့ရှိရပြီး ခြံဝင်းအတွင်း သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၃ လုံး ရှာဖွေတွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ကတ္တူစက္ကူပုံး ၂ ပုံးဖြင့် ထည့်ထား‌သော အလျား ၆ လက်မ၊ လုံးပတ် ၁ လက်မခွဲခန့်ရှိ စနက်တံပါ လက်လုပ်မိုင်း ၅၇ လုံးအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။