ပြင်ဦးလွင်မြို့တွင် ဆူပူဆန္ဒပြသူလူအုပ်စုမှ ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ဖမ်းဆီးခေါ်ဆောင် အကြမ်းဖက်လုပ်ဆောင်မှု

ပြင်ဦးလွင်မြို့တွင် ဆူပူဆန္ဒပြသူလူအုပ်စုမှ ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ဖမ်းဆီးခေါ်ဆောင် အကြမ်းဖက်လုပ်ဆောင်မှု

နေပြည်တော်၊ မတ်လ ၃ ရက်

 ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ လားရှိုး - မန္တလေးကားလမ်း ဘူတာလမ်းဆုံ၌ ဆန္ဒပြလူစုလူဝေးအင်အား(၁၅၀)ဦးခန့်သည် ဆူပူအော်ဟစ်ကာ စုဝေးရောက်ရှိလာသဖြင့် ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ ပူးပေါင်း အဖွဲ့က လူစုခွဲရန် ညှိနှိုင်းဖြေလျော့ခဲ့ပါသည်။          ဆူပူဆန္ဒပြသူအုပ်စု အနေဖြင့် လူစုခွဲမှုမရှိ သဖြင့် မျက်ရည်ယိုဗုံး၊ ၁၂ဗို့ပြောင်းချောသေနတ်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ ဆန္ဒပြလူအုပ်စုမှာ ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ လူစုခွဲခဲ့ပါသည်။

ဆူပူဆန္ဒပြသူလူစုလူဝေးမှ ၎င်းတို့ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်ဖွဲ့ဝင်(၂)ဦး အား ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဓာတ်တိုင်တွင် လက်ပြန်ကြိုးတုတ်၍ ခေါင်းတုံးတုံးခြင်း၊ မျက်ခုံး မွှေးရိတ်ခြင်းများအား အကြမ်းဖက်ပြုမူဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ နယ်မြေရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရပါသည်။

ဆန္ဒပြလူစုလူဝေးများအနေဖြင့် နေရာအနှံ့ ပြုမူလုပ်ဆောင်နေမှုများသည် အကြမ်းဖက် မှုပုံသဏ္ဍန်သို့ ပြောင်းလဲလုပ်ဆောင်လာနေသည်ကို တွေ့မြင်ရပါသဖြင့် ဆောင်ရွက်နေသည့် ပုံသဏ္ဍန်အပေါ်မူတည်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဓိကရုဏ်းဖြိုခွင်းခြင်း လုပ်ငန်း စဉ်များအား ထိရောက်စွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။