ပြည်ကြီးတံခွန်မြို့နယ်ရှိ KBZ ဘဏ်ခွဲအမှတ်(၄၂) စက်မှုပန်းခြံဘဏ်ခွဲမှ ငွေကျပ်သိန်း ၁၃၅၀ ခန့်အား အမျိုးသား ၂ ဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်

ပြည်ကြီးတံခွန်မြို့နယ်ရှိ KBZ ဘဏ်ခွဲအမှတ်(၄၂) စက်မှုပန်းခြံဘဏ်ခွဲမှ ငွေကျပ်သိန်း ၁၃၅၀ ခန့်အား အမျိုးသား ၂ ဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်

 
နေပြည်တော်၊ ဇူလိုင် ၁၆

 
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ KBZ ဘဏ်ခွဲအမှတ်(၄၂) စက်မှုပန်းခြံ ဘဏ်ခွဲမှ ငွေကျပ်သိန်း ၁၃၅၀ ခန့်အား အမျိုးသား ၂ ဦးက ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၃ လမ်းနှင့် ၁၃၄ လမ်းကြား၊ ၇၈ လမ်း၊ ရန်ကုန်-မန္တလေးကားလမ်းမကြီး လမ်းဟောင်းအရှေ့ဘက်၌ ဖွင့်လှစ်ထားသည့် KBZ ဘဏ်ခွဲအမှတ်(၄၂) စက်မှုပန်းခြံဘဏ်ခွဲသို့ အမျိုးသား ၂ ဦး ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဘဏ်အတွင်းဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍ ဘဏ်ကောင်တာ အတွင်း ထားရှိသည့် ငွေကျပ်သိန်း ၁၃၅၀ ခန့်အား လုယက်ယူဆောင်ကာ ဘဏ်၌ အသုံးပြုသည့် ကွန်ပျူတာမော်နီတာတစ်လုံးအား ဖိုက်ဘာအရိုး ၂ ပေခန့်တပ်ဆင်ထားသည့် ပုဆိန်ဖြင့် ရိုက်ခွဲ ဖျက်ဆီးကာ လုံးပတ် ၄ လက်မ၊ အရှည် ၁ ပေခန့်ရှိ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံးအား မှန်ကောင်တာပေါ်တင်၍ ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ် ၂ စီးဖြင့် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။