ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဝန်ကြီးဌာနတွင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်  ဧပြီ  ၂၇

ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊  မူပိုင်ခွင့် ဥပဒေဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည်တွင်းကုန်စည်စီးဆင်းမှု အခြေအနေများနှင့် ပတ်သက်၍ အပတ်စဉ် ကျင်းပသည့် ဝန်ကြီးဌာနတွင်း  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊   ဝန်ကြီး ဌာနမှ စီမံခန့်ခွဲလျက် ရှိသည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဦးစီးဌာနများမှ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဝန်ထမ်းများ အနေဖြင့် ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်စေရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို Time Frame ထားရှိ ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးစီးဌာနများရှိ လက်အောက် ဝန်ထမ်းများကိုလည်း မိမိဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို    သိရှိနိုင်စေရေး အသိပေးရန်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန    အမြဲတမ်းအတွင်းဝန်၊    ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။