ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်း
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)
(၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက်)
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး အတွက်ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့တဲ့ (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ယခင်က NCA ချုပ် ဆိုခြင်း နှစ်ပတ်လည်အခမ်းအနားတွေကို နေပြည်တော်မှာ လူချင်းတွေ့ဆုံကာ ကျင်းပပြုလုပ်ခဲ့ပြီး (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ကိုတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် သဝဏ်လွှာပေးပို့ခြင်းနဲ့ Online မှ မိန့်ခွန်းပြောကြားခြင်းပဲ ပြုလုပ်ခဲ့ရပါတယ်။ ယနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်း အနားမှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး နိုင်ငံအကျိုး၊ ပြည်ထောင်စုအကျိုးနဲ့ ပြည်သူပြည်သား အားလုံး လိုလားတောင့်တနေကြသော ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေရန် အတွက် ဆထက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ သမိုင်းနဲ့ချီပြီး ကြီးမား ကျယ်ပြန့်လှတဲ့ လုပ်ငန်းစဉ်ကြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အဆက်ဆက်နဲ့ တပ်မတော်အနေနဲ့ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးရယူခဲ့မှုအပေါ် သဘောထားကွဲလွဲမှုကြောင့် ဗကပတွေတောခိုပြီး တစ်လကျော်အကြာမှာပဲ သခင်နုက ကွန်မြူနစ်တွေနဲ့ ငြိမ်းချမ်း မှုရရှိစေရေး လက်ဝဲညီညွတ်ရေးမူ ၁၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေးရပြီးစကာလမှာ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတော်တော်များများဟာ လက်ဝဲယိမ်းသူတွေများပါတယ်။ ဒါ့ကြောင့် ဒီအဖွဲ့တွေကြား မတူတာတွေကို ဘေးဖယ်၊ တူညီတဲ့ကိစ္စတွေကိုစုပေါင်းပြီး ပြည်တွင်းညီညွတ်မှုရစေဖို့၊ ဒီကမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးရစေဖို့ ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ ပြည်သူ့ရဲဘော်တို့က ကိုယ့်အဖွဲ့ကိုယ် ဖျက်ပြီး တစ်ပါတီတည်းအဖြစ် ပူးပေါင်းပါဝင်ကြိုးပမ်းကြဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ဖဆပလအစိုးရ အနေနဲ့ ကွန်မြူနစ်တွေနဲ့ တိုက်ခိုက်နေတဲ့ စစ်ကိုရပ်စဲပြီး လက်ဝဲညီညွတ်ရေးအတွက် ဇူလိုင်လမှာ လက်ဝဲစည်းရုံးရေးကောင်စီကို တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အဖွဲ့ဝင် ၂၁ ဦးနဲ့ ဆောင်ရွက်စေပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်ရတဲ့အကြောင်း များစွာရှိပါ တယ်။ အဲ့ဒီထဲကအချက်တစ်ချက်ကို ပြောလိုပါတယ်။ ဒီလက်ဝဲညီညွတ်ရေးမူ ၁၅ ချက်လည်း ထုတ်ပြန်ရော အင်္ဂလန်နဲ့အမေရိကန်က မြန်မာပြည်ကြီးနီသွားပြီလို့ ရေးသားတာတွေ၊ စောင့်ကြည့်ရဦးမယ်လို့ ဟိန်းဟောက်တာတွေ လုပ်လာကြပါတယ်။ အချင်းချင်းကကွဲ၊ လွတ်လပ်ရေးရပြီးစ အင်အားကလည်း နည်းနေတော့ အစိုးရ အနေနဲ့ ဦးတင်ထွဋ် ကိုလန်ဒန်အထိစေလွှတ်ပြီး ရှင်းပြရတဲ့ အဆင့်ထိရောက်ခဲ့ပါ တယ်။ ဒါနဲ့ လက်ဝဲညီညွတ်ရေးမူထဲက “ မက်စ်ဝါဒ လေ့လာရေးအဖွဲ့ ဖွဲ့ရန် ” ဆိုတဲ့ အချက် ၁ ချက်ကိုဖြုတ်ပြီး ၁၄ ချက်ဖြစ်လာရပါတယ်။ ဒီနေရာမှာပြောချင်တာက “အနောက်နိုင်ငံအချို့အနေနဲ့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထု အကျိုးကို ဖော်ဆောင်ပေးနိုင်မယ့်အစိုးရ၊ မြန်မာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မယ့် အစိုးရဆိုတာမျိုးထက် သူတို့ကြိုးကိုင်ခြယ်လှယ်လို့ရမယ့် အစိုးရမျိုးတက်လာတာ၊ ရှိနေတာကိုပဲလိုချင်တာ” ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၁၉၄၈- ၁၉၄၉ ခုနှစ်မှာ KNUနဲ့ စတင်ဆွေးနွေးခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ ကေအင်န်ယူနဲ့ ထပ်ဆွေးနွေးခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ တက်လာ ပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်၊ ဇွန်လမှာ “ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်” ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ ဗကပနဲ့ ၇ ကြိမ် ဆွေးနွေးခဲ့ပါတယ်။ KIA ၊ KIO တို့ နဲ့ ၃ ကြိမ် ဆွေးနွေးခဲ့ပါတယ်။ KNU ၊ MNSP ၊ KNPP သုံးပါတီနဲ့၊ ၎င်းတို့ပါဝင်တဲ့ မဒညတ အဖွဲ့တွေကို ၅ ကြိမ်ခန့် ဆွေးနွေးခဲ့ပါတယ်။ ဒီထဲကစောဟန်တာသာမွှေး ဦးဆောင်တဲ့ ကရင်တော်လှန်ရေး ကောင်စီ(KRC)တစ်ဖွဲ့တည်းနဲ့သာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ လမ်းစဉ်ပါတီခေတ် ၁၉၈၀-၁၉၈၁ ခုနှစ် ထဲမှာ KIA နဲ့ ၁၀ ကြိမ်၊ ဗကပနဲ့ ၂ ကြိမ် ဆွေးနွေး ခဲ့ပါတယ်။
တော်လှန်ရေးကောင်စီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ရာ မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သာမဟုတ်ဘဲ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကြံဉာဏ်ကိုရယူပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ တိုင်းရင်းသားလူမျိုးစုများ အရေးစတဲ့ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွားဖြစ်ထွန်းစေမယ့်ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ ရည်မှန်းပြီး “ ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ ” ကို ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ စည်းစည်းလုံးလုံးညီညီညာညာနဲ့ တိုင်းပြုပြည်ပြုကိစ္စတွေ ဆောင်ရွက် နိုင်ဖို့ဖြစ်ပါတယ်။ ပြည်တွင်းညီညွတ်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၃၃ ဦး ပါဝင် ခဲ့ပါတယ်။ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲက ဦးနု(ဝန်ကြီးချုပ်ဟောင်း)၊ ဦးကျော်ငြိမ်း၊ ဝိဓူရ သခင် ချစ်မောင်၊ ဦးဗဆွေ၊ မန်းဝင်းမောင်၊ ဒူဝါဇော်လွန်း၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းခေါင်တို့ ပါဝင်ခဲ့ကြပါတယ်။ အဲဒီ ၃၃ ဦးစာရင်းကိုလေ့လာကြည့်ရင် တည်မြဲ(ဖဆပလ)၊ သန့်ရှင်း(ဖဆပလ)နဲ့ ပမညတ စတဲ့ နိုင်ငံရေးအဖွဲ့မျိုးစုံက ပုဂ္ဂိုလ် တွေပါဝင်သလို တိုင်းရင်းသားမျိုးစုံပါဝင်ခဲ့ပါတယ်။ ဒီအကြံပေးအဖွဲ့အနေနဲ့ အကြံပြုခဲ့ ရာမှာ အုပ်စု ၄ စုခန့်ကွဲပြားခဲ့ပါတယ်။ အမျိုးမျိုးကွဲပြားတဲ့အယူအဆတွေ တွေ့ရပါ တယ်။ ဒီနေရာမှာ ပြောလိုတာကတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အယူအဆနဲ့ လုပ်ဆောင်ချက်ဟာ အခုမှရှိတာမဟုတ်ပါဘူး။ ရှိခဲ့၊ လုပ်ခဲ့ကြပါတယ်။ ဘာကြောင့် အောင်မြင်မှုမရသလဲ ဆိုတာ သမိုင်းမှာရှာဖတ်ကြည့်စေလိုပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ တပ်မတော်အစိုးလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပါတီစုံဒီမိုကရေစီခေတ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လမ်းကြောင်းကို ဖော်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ NCA လက်မှတ်ရေးထိုးတဲ့ EAO အဖွဲ့ ၈ ဖွဲ့၊ ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးတဲ့အဖွဲ့ ၂ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေးတည်ဆောက် နိုင်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့အများစုဟာ တပ်မတော်အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် များ လက်မှတ်ရေးထိုးခြင်း စတဲ့ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့များ ဖြစ်ပါတယ်။ ဒီနေရာမှာ ၂၀၁၅ ခုနှစ် (NCA လက်မှတ်ရေးထိုးခါနီး)မှာ EAO များကို “NCA စာချုပ်မှာ အလျင်စလို လက်မှတ်မထိုးကြဖို့ ” ဆိုတဲ့ သတင်းစကားပျံ့လွင့်လာမှု ကိုလည်း သတိရစေလိုပါတယ်။
တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး NCA လမ်းကြောင်းမှာလျှောက်လှမ်းနိုင်ဖို့ အမြဲတိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး လိုချင်ရင် တပ်မတော်က တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးဖို့ဆိုတဲ့ သဘော ထား၊ အယူအဆတွေကို ပြောလာခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ဒီနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ပေါင်းအကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ပါတယ်။ အခုလည်း (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေအပြင် နိုင်ငံတော်အစိုးရရဲ့ လုံခြုံရေးနဲ့အုပ်ချုပ်ရေးယန္တရားတွေကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲပေးခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံထားပြီးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ဆိုတာက တစ်ဒေသနဲ့ တစ်ဒေသ၊ လူမျိုးစုတစ်ခုနဲ့တစ်ခု မတူညီတဲ့အခွင့်အရေးတွေ မဟုတ်ဘဲ တူညီတဲ့ စနစ်နဲ့ ဖော်ဆောင်ရမှာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ “ မိမိတို့အနေနဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ အချက် ၂ ချက်ကို အဓိကထား၍ အလေးထားဆောင်ရွက်လျက်ရှိပြီး ပထမအချက်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယအချက်အနေနဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့စားရေရိက္ခာပေါများရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း” ပြောကြားခဲ့ပါတယ်။ ဒါကျွန်တော်တို့အစိုးရ ဆက်လက်ဆောင်ရွက် သွား မယ့် ဦးစားပေးနိုင်ငံရေးမူဝါဒပဲဖြစ်ပါတယ်။ ဒီနှစ်ခုဟာ အပြန်အလှန်ဆက်စပ် လျက်ရှိ ပါတယ်။ တိုင်းပြည်သာယာဝပြောရေးအတွက်ဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ နိုင်ငံ မှာ အဓိကလိုအပ်ချက်ကတော့ ငြိမ်းချမ်းရေးပါပဲ။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ (၇၅) နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပါတယ်။ အလားတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ တိုင်းပြည် တစ်ပြည်အတွက်အရေးကြီးတဲ့ သမိုင်းဖြစ်စဉ်ဖြစ်ရပ်၊ နေ့ရက်ကြီး ၂ ခု စိန်ရတု တိုင်ခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ လူဦးရေသက်တမ်းစံနှုန်းနဲ့တွက်ချက်ရင် လူတစ်ယောက်ရဲ့ သက်တမ်းတစ်ခုစာလောက်ရှိပါပြီ။ “အတိတ်ကိုမသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန်နိုင်တယ်။ အလားတူ အတိတ်ကိုအစွဲသန်လွန်းလျှင်လည်း အနာဂတ် လမ်းပျောက်နိုင်တယ်”ဆိုတဲ့ စကားရပ်ကို သတိချပ်ဖို့ကျွန်တော်ပြောလိုပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျရောက်လာတော့မယ့် စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတု လွတ်လပ်ရေးနေ့တွေ မတိုင်မီမှာ (တစ်) ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ခိုင်မာစေရေး လုပ်ငန်းစဉ် (နှစ်) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ရေးအတွက် လုပ်ဆောင်မယ့် လုပ်ငန်းရပ်များချမှတ်ခြင်း၊ တိုင်းရင်းသားများပါဝင်တဲ့ ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနဲ့ လက်တွေ့လုပ်ငန်းရပ်များဆောင်ရွက်ခြင်းဆိုတဲ့ အဆင့် ၃ ဆင့်ကို နိုင်ငံတော်အစိုးရအနေနဲ့ အဆင့်လိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီကိစ္စတွေ အတွက် တိုင်းရင်းသားပြည်သူလူထုနဲ့ ပါဝင်ပတ်သက်ရမယ့် အစုအဖွဲ့များအားလုံး ထံမှ အကြံပြုချက်များရယူခြင်း၊ အသိပေးခြင်းနဲ့ ပညာပေးခြင်းတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရာမှာ-
(၁) သက်ဆိုင်ရာတိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်ရေး ဆောင်ရွက်ခြင်း။
(၂) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်၊ တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ နှင့်တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် မြှင့်တင်ရေးအဖွဲ့များနှင့် ဆွေးနွေးခြင်း။
(၃) NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက်သဘောတူညီချက်များရရှိရေး စတဲ့ လုပ်ငန်းစဉ်များကိုဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။
ဒီနေရာမှာ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ လက်ရှိအစိုးရဟာ ရွေးကောက်ခံအစိုးရမဟုတ်လို့ တွေ့ဆုံဆွေးနွေးစရာမလိုဘူးဆိုတဲ့ အယူအဆတွေ၊ ငြိမ်းချမ်းရေးကို အပြည့်အဝ အကောင်အထည်ဖော်ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ ကျကျ သုံးသပ်ဖို့လိုပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ် ဘယ်လောက်အောင်မြင်ခဲ့တယ်၊ ဘယ်လောက် ပစ်ခတ် တိုက်ခိုက်မှုလျော့နည်းခဲ့တယ်၊ တိုင်းရင်းသားနယ်မြေတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လောက်တည်ဆောက်နိုင်ခဲ့တယ်၊ အဲဒီအဖွဲ့ထဲက အများစုကပဲ NCA လက်မှတ် ရေးထိုးနိုင်ခဲ့တယ်ဆိုတာ လက်တွေ့ပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ညီလာခံ၊ NCA နှစ်ပတ်လည်နေ့တွေမှာ ငြိမ်းချမ်းရေးကို တကယ်လိုလားရင် ရိုးသားတဲ့စိတ်ရှိဖို့၊ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့ ခံယူချက်ရှိဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ အစိုးရတွေဘယ်လောက်ပဲပြောင်းပြောင်း ကျွန်တော်တို့နိုင်ငံသည် ပြည်ထောင်စု မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ အစိုးရဆိုတာထက် ကျွန်တော်တို့အားလုံး ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် သစ္စာရှိဖို့၊ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် ရိုးသား စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ ဆောင်ရွက်ဖို့ဟာ အဓိကဖြစ်ပါတယ်။ ဒါ့ကြောင့် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ NCA စာချုပ်ကို ပိုမိုခိုင်မာအောင်၊ NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့လည်း လက်ရှိအခြေအနေထက် ပိုမိုတဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်အောင်၊ ၎င်းမှ NCA စာချုပ်ထဲမှာ ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် စိန်ရတု ပြည်ထောင်စုနေ့ သန္နိဌာန်ဖြင့် တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စုသမ္မတနိုင်ငံတော်ကို ၂၀၁၁ ခုနှစ်မှာ ပါတီစုံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီးနောက် ပထမအစိုးရကာလမှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်ရေးမှာ အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်နိုင်ဖို့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၈)ဖွဲ့နဲ့ (၄)နှစ်ကျော် ကြာ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း (၈) ဖွဲ့ တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ လက်မှတ် ရေးထိုးနိုင်ခဲ့တဲ့အတွက် လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိပြီဖြစ်ပါတယ်။ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအကျိုး ဆောင်များရဲ့ အဲဒီတုန်းကရှိခဲ့တဲ့ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှု၊ စိတ်ဓာတ်နဲ့လုပ်ရပ် တွေကို ထပ်လောင်းအသိအမှတ်ပြု ဂုဏ်ယူပါတယ်။
NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းကရေးဆွဲထားတာ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေ၊ ကနဦး အဆိုပြုချက်တွေအပေါ် မူတည်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အသေးစိတ်အကျေအလည် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် အားလုံးပိုင်ဆိုင်တဲ့ စာချုပ်လည်းဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံအားပေးမှုကိုလည်း ရရှိခဲ့တဲ့ အပြင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ဂုဏ်ယူလေးစားမှုကို ရရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် NCA စာချုပ်ဟာ ကျွန်တော်တို့အတွက် အစဉ်အမြဲအလေးထား ရမယ့် မေ့ဖျောက်ပစ်လို့မရတဲ့ စာချုပ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
NCA စာချုပ်ကို ချုပ်ဆိုပြီးနောက် NCA စာချုပ်ပါ အချက်အလက်များ အတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် အခက်အခဲအမျိုးမျိုးကြားမှ မလျော့ သောဇွဲဖြင့် ဆက်လက် လုပ်ဆောင်နိုင်ခဲ့ကြလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၅ ကြိမ်ထိ ကျင်းပနိုင်ခဲ့ပြီး သဘောတူညီချက် (၃၇)ချက်ပါရှိတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ သဘောတူညီချက်(၁၄)ချက် ပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂)နဲ့ သဘောတူညီချက် (၂၁)ချက်ပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)တို့ကို ချုပ်ဆိုနိုင် ခဲ့ပြီး စုစုပေါင်းသဘောတူညီချက်(၇၂)ချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီဆွေးနွေးချက်၊ သဘောတူညီချက်တွေဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးတည်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို အဆင့်လိုက်၊ အပိုင်းလိုက် ညှိနှိုင်းဆောင်ရွက်သွားကြမယ်လို့ သဘောတူညီခဲ့ကြပြီး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နှောင်းပိုင်းကစတင် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကို အကြောင်းပြုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မပြုလုပ်နိုင်ခဲ့သော်လည်း ယခုအခါကာလမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း လျော့ကျလာခဲ့ ပြီဖြစ်လို့ အားလုံးရည်မှန်းထားတဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့ လမ်းကြောင်းမပျောက်ဘဲ ခိုင်မာတဲ့ သန္နိဋ္ဌာန်ဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်းတွေကနေ သဘော တူညီချက်တွေရရှိပြီး ရည်မှန်းချက်ရောက်တဲ့အထိ ဆက်လက် လျှောက်လှမ်းသွားကြ ရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။
မိမိတို့အားလုံးလက်ခံထားတဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ တိုင်းဒေသကြီး /ပြည်နယ်အားလုံးမှ တိုင်းရင်း သား အားလုံးသည်တူညီတဲ့ ဖက်ဒရယ်အခွင့်အရေးများ အကုန်ရရှိရမှာဖြစ်ပါတယ်။ ဒီမိုကရေစီနှင့်ပတ်သက်၍ အများဆန္ဒအတိုင်းဆောင်ရွက်နေသလို လူနည်းစုဆန္ဒကို လည်း အလေးထားရန် လိုအပ်ပါတယ်။ မိမိဆန္ဒနဲ့ မကိုက်ညီတာနဲ့ ရန်သူလို့သဘော ထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှုဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုက်အဝန်း မှ ဖယ်ကြဉ်ထားခြင်းမျိုးဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များဖြစ်ပြီး ဒီမိုကရေစီနဲ့ကိုက်ညီမှု မရှိတာကို တွေ့ရပါတယ်။ တိုင်းပြည်တစ်ခုတွင် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် နိုင်ငံရေးတည်ငြိမ် အေးချမ်းမှုရှိရမှာဖြစ်ပြီး လုံခြုံရေးလည်း တည်ငြိမ်အေးချမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် မှာလက်ရှိဖြစ်ပွား နေသောကိစ္စရပ်များဟာ ဒီမိုကရေစီမရင့်ကျက်သေး သဖြင့် ဖြစ်ပေါ်လာသည့်ကိစ္စရပ်များ ဖြစ်ကြောင်း သတိပြုစေလိုပါတယ်။
ဖက်ဒရယ်စနစ်နဲ့ပတ်သက်၍ မိမိတို့လိုရာကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုပြီး ပြောဆိုနေကြသော်လည်း အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့်သဟဇာတဖြစ်မှုပင် ဖြစ်ပါတယ်။ မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစု များကို စုစည်းထားရာမှ အာဏာ (၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းပင် ဖြစ်ပါတယ်။ ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး မည်သို့ပင် အယူဝါဒအမျိုးမျိုးကွဲပြားနေပါစေ မိမိ တို့နိုင်ငံနဲ့သဟဇာတဖြစ်မယ့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်သွားကြရမှာဖြစ်ပါ တယ်။ မိမိတို့အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တွင်းနေထိုင်ကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံး အတူတကွ ငြိမ်းချမ်း သာယာစွာ အတူယှဉ်တွဲ နေထိုင်ကြမယ်ဆိုတဲ့ အခြေခံစိတ်ဓာတ်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေကို ဆွေးနွေးပွဲများမှတစ်ဆင့် အကျေအလည်ညှိနှိုင်း ဖြေရှင်း သွားကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားညီနောင်များ ခင်ဗျား-
ယနေ့ကာလဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ မဲမသမာမှုတွေ အပေါ် တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေက ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ အကြိမ်ကြိမ် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်တာဝန်ကိုထိန်းသိမ်းခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဦးဆောင်နေတဲ့ကာလဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကို တာဝန်ယူပြီးသည့် အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အလေးထားလုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီ တို့ကို ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိကာလမှာ ညှိနှိုင်းရေးကော်မတီအနေနဲ့ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မရေးထိုးရ သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့ကို စုစုပေါင်း (၂၁)ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်မှု မရှိအောင် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့် ဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားကိုမလိုလားသော နိုင်ငံကို ဖျက်လို ဖျက်ဆီးလုပ်လိုသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ မီဒီယာများနဲ့ အာဏာကို အကြမ်းဖက်နည်းနဲ့ ရယူလိုသူတွေဖြစ်တဲ့ NLD ပါတီဝင်အစွန်းရောက်များ၊ NUG၊ CRPH နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ အကြမ်းဖက်လုပ်ရပ် များကြောင့် နိုင်ငံတော်ရဲ့ဒေသအချို့မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေ စိုးမိုးရေးကိုထိခိုက်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အတိုင်းအတာ တစ်ခုအထိ အဟန့်အတား ဖြစ်ပေါ်စေလျက်ရှိနေတာကိုလည်း တွေ့ရှိရမှာဖြစ်ပါ တယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ ဟာလည်း ပြည်တွင်း / ပြည်ပ အဖွဲ့အစည်း အချို့ရဲ့ သွေးထိုး လှုံဆော်မှုတွေကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည် လုပ်ဆောင်လိုတဲ့ သဘောထားဆောင်ရွက် ချက်များ တွေ့ရှိလာရသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယုံကြည်မှုပျက်ပြားစေမယ့် မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်များလုပ်ဆောင်ပြီး နိုင်ငံတော်အစိုးရမှအကြမ်းဖက် အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းများနဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတာလည်း တွေ့ရပါတယ်။ သို့ပေမယ်လို့ နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မထိခိုက်အောင်သဘောထားကြီးစွာနဲ့ တတ်နိုင်သမျှထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်အစမှာပြောခဲ့သလို NCA ဟာ ကျွန်တော်တို့ အားလုံး အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်း၍ ခက်ခက်ခဲခဲအဖြေရှာပြီးမှ နှစ်ပေါင်း (၇၀) ကျော် ကာလမှာ ပထမဆုံးရလာခဲ့တဲ့ငြိမ်းချမ်းရေးလမ်းစဖြစ်ပါတယ်။ အကြမ်းဖက် လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ ပယောဂများ၊ မီဒီယာ များ၏ သွေးထိုးလှုံဆော်မှုများကြောင့် NCA ဆိုတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း ပျောက်ပျက်မသွားဖို့ အထူးသတိပြုစေလိုကြောင်း ပြောကြားလိုပါတယ်။
မိမိတို့အစိုးရအနေနဲ့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေး တို့အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့အစိုးရက ခိုင်ခိုင်မာမာ အာမခံပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့ နိုင်ငံတော်က ချမှတ် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်များနဲ့ လက်ရှိပကတိအခြေအနေမှန်များကို မှန်ကန်စွာ သိရှိနားလည်ပြီး အချို့မီဒီယာများရဲ့ မဟုတ်မမှန်သတင်းများကို စိစစ်စဉ်းစားချင့်ချိန်နိုင်ဖို့နဲ့ မိမိတို့ လျှောက်လှမ်းနေသော ငြိမ်းချမ်းရေးလမ်းကြောင်းကို ထိခိုက်စေမယ့် အပြုအမူများကို ရှောင်ရှားကြဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။ NCA ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ခိုင်မာစွာ ဆက်လက်လျှောက်လှမ်း ခြင်းဟာ နိုင်ငံတော်အစိုးရက လက်ရှိဦးတည်သွားနေသော လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို သတ်မှတ်ချိန်အတွင်းကျင်းပနိုင်ခြင်း အားဖြင့် ပြည်သူကရွေးချယ်ပေးတဲ့ ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရေးကို အားပေး ကူညီရာရောက်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
လက်ရှိအခြေအနေမှာ တစ်ကမ္ဘာလုံး ကိုဗစ် - ၁၉ ကပ်ရောဂါကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစ၍ ယခုအထိ ခံစားနေရတဲ့ကာလ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် “ ပြည်သူလူထု၏အသက်ထက် အရေးကြီးတာ ဘာမျှ မရှိ ” ဟူသော မူဝါဒနဲ့ တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ရှိသမျှ ခွန်အား၊ စွမ်းအားဖြင့် အစွမ်းကုန် ကြိုးပမ်းအားထုတ်လျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် “ ပြည်ထောင်စုအတွင်း နေထိုင်ကြသောတိုင်းရင်းသား များ ဆိုတာထက် လူမျိူးဘာသာမရွေး လူသားအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု တန်းတူအခွင့်အရေး ခံစားခွင့်ရရှိစေရမယ်” ဆိုတဲ့မူဝါဒနှင့်အညီ NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသာမက NCA လက်မှတ် မရေးထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ နယ်စပ်ဒေသနေပြည်သူ လူထုများ၊ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအားလုံးအတွက်ပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ အချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက် ဦးစားပေးအရေအတွက်အလိုက် စတင်ထိုးနှံပြီး ဖြစ်ကြောင်းနဲ့ ကျန်းမာရေး အသိအမြင်နဲ့သာရှုမြင်ပြီး ကာကွယ်ဆေးများ အချိန်မီ ထိုးနှံနိုင်ရေး ညှိနှိုင်းရေးကော်မတီနဲ့ ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါ အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေး ရေးအတွက်အမြဲတံခါး ဖွင့်လှစ်ထားရှိကြောင်း အတိအလင်း ကြေညာထားပြီး ဖြစ်ပါတယ်။ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရတာဝန်ကို ရယူထားချိန်ဖြစ်လို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စု လွှတ်တော် တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့်အစိတ်အပိုင်းများ ဆောင်ရွက်၍ရနိုင် ကြောင်း ပြောကြားလိုပါတယ်။ လက်ရှိနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ရွေးကောက်ခံအစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမရှိသည့် အတွက်ကြောင့် ဆောင်ရွက်၍မရနိုင်ဟု ထင်မြင်ယူဆဘွယ် ဖြစ်သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပပြီးစီးပါက နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ကသာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ ဖြစ်လာမှာ ဖြစ်သည့်အတွက် ယခုကာလတွင် မိမိတို့အနေဖြင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို သက်ဆိုင်သူများနဲ့ စဉ်ဆက်မပြတ် ဆောင်ရွက် နေခြင်းအားဖြင့် ပိုမိုခရီးရောက်စေမည် ဖြစ်ပါတယ်။
မိမိတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူအားလုံး အလိုချင်ဆုံး၊ အတောင့်တဆုံးဆန္ဒဖြစ်တဲ့ နောင်လာမယ့်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းတဲ့ အမွေကောင်းတစ်ခု ချန်ထားခဲ့ရန် လိုအပ်တဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အချိန်မဆွဲဘဲဖြစ်နိုင်သမျှ မြန်မြန်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ သဘာဝသယံဇာတများ ပေါကြွယ်ဝတဲ့ မိမိတို့နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး အမြန်ရရှိလေ တိုင်းပြည် တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လေ ဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို အလေးအနက်ထား အကောင်အထည်ဖော် နေချိန်ဖြစ်လို့ ယနေ့အချိန်ကာလဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရော၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရော တိုင်းပြည်အကျိုးစီးပွား၊ ပြည်သူပြည်သားများအားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းရန်အတွက် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့-
ဆရာဇော်ဂျီရဲ့ ကဗျာလေးတစ်ပိုဒ်နဲ့ပဲ အဆုံးသတ်လိုပါတယ်။ အဲဒါကတော့
“ ထလော့မြန်မာ၊ မြန်မာထလော့ - အားမပျော့နှင့်၊ မလျှော့လုံ့လ - သူကစ၍ ငါကအားလုံး - လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့် - စွမ်းဆောင်ကြ လေ၊ ဆောင်ကြလေလော့ - ဤမြေဤရွာ ၊ ဘယ်သူ့ရွာလဲ - ဤယာစပါး ၊ ဘယ်သူ့စပါးလဲ - ထားလော့တာဝန် ၊ ပွန်လော့လုပ်ငန်း - ဉာဏ်ရှေ့ပန်း၍ - တစ်စိတ်တစ်ဝမ်းညီစေသတည်း ”
ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့အားလုံး တစ်စိတ်တစ်ဝမ်း ညီညွတ်ကြပါစို့ ခင်ဗျား။
အားလုံးကိုကျေးဇူးတင်ပါတယ်။