ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် (၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်) (၂၀၂၁ ခုနှစ်၊ မေ ၃၀ ရက်)

၁။    တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိပါသည်။

၂။    ထို့ပြင် နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(ဃြဗ)တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် ဆက်လက်ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အမြန်ဆုံး ဆက်လက်ဆွေးနွေး နိုင်ရေးအတွက် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးလျက်ရှိသည်။

၃။    ယခုဆက်လက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရ ငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၁-၂၀၂၂ ပညာသင် နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများအား ဇွန် ၁ ရက် နေ့မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း သာစွာ ပညာသင်ကြားနိုင်ရေးတို့အား ရှေ့ရှု၍ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဖြစ်သည်။ 

၄။    တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ထပ်မံတိုးမြှင့်ရပ်စဲပေးထားသည့် ကာလများအတွင်း ညှိနှိုင်းဆွေးနွေးမှုများဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းထုတ်ပြန်အပ်ပါသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး