ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 
နေပြည်တော် ဇူလိုင် ၁၄

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်ဖြူကျွန်းကျောင်းတိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ မြို့မကျောင်းတိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ရန်ကုန်သုခတာရုံကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဟိုခုံပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ အင်ကြင်းတောင်အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက်တို့သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိပါသည်။