ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် စုပေါင်း သန့်ရှင်းရေး ပြုလုပ်၊ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

  နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများကို ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID-19  စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ခွင့်ပြု ပေးသွားမည်ဖြစ်ရာ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာ ပွားများနိုင်ရေးနှင့် ဘုရားစေတီ ပုထိုးများ၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။

 ယနေ့တွင်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့၊ တာလေမြို့နှင့် မိုင်းယောင်းမြို့တို့ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီပုထိုးများ၌  ဘုရားရင်ပြင်တော်များ၊ ကျောင်းဆောင် အဆောက်အဦများ၊ ဝင်လမ်း၊ ထွက်လမ်းနေရာများနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၌ ကောင်းမှုကုသိုလ်အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများကို ဆောင်ရွက်ကြရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ရှိ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက သက်ဆိုင်ရာ ဘုရားစေတီပုထိုးများ၌ အန္တရာယ်ကင်း၊ ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။