ပြည်မြို့ရှိ တပ်မတော်ဆေးရုံ၌  စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆

 ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက် ရှိသော တပ်မတော်သားများ၊ တိုင်းရင်းသားပြည်သူများ၏ သွေးလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် သံဃာတော်များနှင့် ဒေသခံ ပြည်သူများက အဆိုပါဆေးရုံ၌ စုပေါင်း သွေးလှူဒါန်းကြသည်။

ဦးစွာ ကျန်းမာရေး ဝန်ထမ်းများက သွေးလှူရှင်များအား သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သံဃာတော် ၂၀ ပါးနှင့် ဒေသခံပြည်သူ သွေးအလှူရှင် ၇၀ ဦးတို့က သတ်မှတ်နေရာ အသီးသီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။

ထိုသို့ သွေးလှူဒါန်းနေမှုများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ သွေးအလှူရှင်များအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။