ပြည်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၌ စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၄

 Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း ပြည်သူ့ဆေးရုံများရှိ သွေးလှူဘဏ်များ၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် သံဃာတော်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းသွေးလှူဒါန်း  ပေးလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ အထွေထွေ ရောဂါကုဆေးရုံကြီးအတွက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊  ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် ၄၅ ဦးတို့က အဆိုပါဆေးရုံကြီးသို့ သွားရောက်၍ စုပေါင်းသွေးလှူဒါန်းကြသည်။

 သွေးလှူဒါန်းနေမှုများကို ပြည်တပ်နယ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဆေးရုံကြီးအတွက် N-95 Mask ၁၀၀၀ ခုနှင့် ကြက်ဥ ၅၀၀ လုံးတို့ကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။