ပြည်သူများဝင်ငွေ တိုးတက်ရရှိမည့် စိုက်ပျိုးမွေးမြူရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ သြဂုတ် ၁၆ ရက်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ရှင်သန်ခိုင်မာရေး လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်ဦးတည်ချက် (၉) ရပ်တို့ကို လမ်းပြမြေပုံအဖြစ် ရည်မှန်းချက်ထားရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အင်အားတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအင်အားများ ကောင်းမွန်ရေးသည် အဓိကကျလှပေသည်။ အားလုံးသည်လည်း တစ်ပြိုင်နက်တည်း တူညီစွာ တိုးတက်ဖို့ လိုအပ်ပေသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိက အားထားရသောနိုင်ငံဖြစ်သည့်အတွက် စီးပွားရေး ဦးတည်ချက်များတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး ဟု ဖော်ပြပါရှိသည်။
လူတိုင်းအသက်ရှင်ရေးတွင် လိုအပ်ချက်များစွာထဲမှ တစ်ခုသည် အစာ အာဟာရဖြစ်သည်။ ရဟန်းသံဃာများမှ လွဲလျှင် လူတိုင်းနေ့စဉ် ထမင်းနှစ်နပ် ပုံမှန်စားသုံးကြသည်။ လူတို့စားသုံးနေသော ထမင်းသည် ဆန်စပါးကို အခြေခံ၍ ဖြစ်ပေါ်လာသည်။ လယ်ယာဦးကြီးများ စိုက်ပျိုးလိုက်သော စပါးမှဆန်၊ ဆန်မှထမင်းဖြစ်လာသည်မှာ လောကနိယာမ တရားဖြစ်သည်။ အူမတောင့်မှ သီလစောင့်နိုင်သည် ဆိုစကားအတိုင်း မိမိဝမ်းကို မိမိတို့ အရင်ဖြည့်ထားပြီးမှသာ လူတိုင်းလုပ်ငန်းခွင် ဝင်နိုင်ကြသည်။ ဆန်စပါးစိုက်ပျိုးရေးသည်မြန်မာတို့အတွက် အရေးပါသော လုပ်ငန်းရပ်ဖြစ်သလို မွေးမြူရေးသည်လည်း အရေးပါသော လုပ်ငန်းဖြစ်သည်။ ပြည့်ဝမ်းစာဖူလုံနေလျှင် ပြည်သူတိုင်း စိတ်အေးရမည်။ ပြည့်ဝမ်းစာ ဖူလုံသည်သာမက ပိုလျှံနေလျှင် ပြည်ပတင်ပို့ရောင်းချရသည်။ ထိုသို့တင်ပို့ရောင်းချနိုင်လျှင် နိုင်ငံခြားဝင်ငွေ ရရှိပေမည်။
မြန်မာနိုင်ငံတွင် တပ်မတော် ရှိနေခြင်းသည် မြန်မာတို့ အလွန်ကံကောင်းသည်ဟု မကြာခဏ ရေးသားဖော်ပြခဲ့ပါသည်။ လွန်စွာအမွှမ်းတင်လိုခြင်း မဟုတ်ပါ။ အမှန်စကားသာဖြစ်သည်။ တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက် စိုက်ပျိုးမွေးမြူထားသော လုပ်ငန်းများမှ ပိုလျှံနေသော သီးနှံသားငါးများကို ဒေသခံများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသည်။ လှူဒါန်းရန် လိုအပ်သည့်နေရာတွင် လှူဒါန်းပေးသည်။ ဤသည်မှာ တပ်မတော်သားတို့၏ စိုက်ပျိုးမွေးမြူရေး စွမ်းအားကို ထင်ဟပ်စေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဝင်ရောက်လာသော ၂ဝ၂ဝ ပြည့်နှစ် မတ်လမှစတင်ကာ တပ်မတော်သည် ပြည်သူများ စားဝတ်နေရေးအတွက် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အချိန်ကာလအားဖြင့် ခေတ္တတာဝန်ယူ ဆောင်ရွက်နေသော်လည်း ပြည်သူများစားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေးကိစ္စများကိုလည်း မဖြစ်မနေ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက်ဆောင်ရွက်ရန် ရှိသည့်ကိစ္စများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ လူဦးရေ ၇ဝ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး အများအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံတွင် သင့်တင့်မျှတသော ရာသီဥတုရှိပြီး မြစ်ချောင်းများလည်း ပေါများလှသည်။
အဆိုပါ မြစ်ချောင်းများကို အခြေပြုလျက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။ အဆိုပါ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများသည် ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်နိုင်မှသာ စီးပွားရေးဖွံ့ဖြိုးလာမည်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများပေါများမှလည်း နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၁) တွင် အမှာစကားပြောကြားရာ၌ ''ဒေသအလိုက် ဝမ်းစာဖူလုံရေးအတွက် သီးနှံများအထွက်နှုန်းတိုးစေရေး ဆောင်ရွက်နိုင်ပါက ဒေသအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သီးနှံအထွက်နှုန်းသည် နိုင်ငံတကာထက် လျော့နည်းနေသေးကြောင်း၊ ဝမ်းစာဖူလုံမှု မရှိသည့် ဒေသများတွင် ဆန်နှင့်ဂျုံများအား ဦးစားပေး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသပြင်ပမှ ဝယ်ယူစားသုံးမှု မပြုရခြင်း၊ ပြည်ပမှ ဝယ်ယူစားသုံးခြင်း မပြုရပါက ဒေသအတွင်း၊ နိုင်ငံအတွင်း ငွေကြေးလည်ပတ် သုံးစွဲမှု များပြားလာပြီး နိုင်ငံချမ်းသာခြင်းပင် ဖြစ်ကြောင်း'' ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ထောက်ပံ့ပေးလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် လိုအပ်သည်များ ပံ့ပိုးပေးသကဲ့သို့ လုပ်ငန်းရှင်များကလည်း လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ကြိုးစားကြမည်ဆိုလျှင် ပြည်သူများ စားနပ်ရိက္ခာဖူလုံပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ အောင်မြင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။