ပြည်သူများသွားလာမှုလွယ်ကူမြန်ဆန်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တစ်ဝန်း ဘက်စုံထောင့်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရှေးရှုဆောင်ရွက် လျက်ရှိသည်။  အများပြည်သူပို့ဆောင်ရေးစနစ်ကို  အားပေးဆောင်ရွက်နေသည့်အပြင် ပြည်သူများသွားလာမှု လွယ်ကူအဆင်ပြေ စေရန် ရထားပို့ဆောင်ရေးကဏ္ဍတိုးတက်ရေးကိုဆောင်ရွက်လျက်ရှိသည်။ မီးရထားခရီးစဉ်များပြေးဆွဲရာတွင် ခရီးသည်များ အဆင်ပြေပြေ ခရီးသွားရောက်နိုင်ရေးအတွက် ရောက်ရှိထွက်ခွာမှုများအချိန်မှန်ရေးနှင့် မီးရထားလမ်းတစ်လျှောက်နှင့် မီးရထား ရပ်ဝန်းများတွင် သန့်ရှင်းမှုရှိစေရေး အမြဲမပြတ်ဆောင်ရွက်နေပြီဖြစ်သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်စေခြင်းအကြောင်းရင်းများတွင် လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးသည်လည်း အဓိကကျလှ သည်။ လမ်းပန်းဆက်သွယ်မှုကောင်းမွန်မှသာ ခရီးသွားလာမှုအဆင်ပြေမြန်ဆန်မည်ဖြစ်သလို ကုန်စည်စီးဆင်းမှုလည်း မှန်ကန်ပေ မည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာမှယနေ့တိုင် ခရီးသွားလာမှုလွယ်ကူမြန်ဆန်ရေးတွင် မြန်မာ့မီးရထား၏ အခန်း ကဏ္ဍသည်  အရေးပါနေဆဲဖြစ်သည်။

မီးရထားဖြင့် ခရီးသွားလာရခြင်းသည် လမ်းတစ်လျှောက်စိမ်းလန်းသောလယ်ကွင်းများ၊ အုပ်ဆိုင်းနေသော သစ်တောသစ်ပင်များ၊ ဘုရားပုထိုးစေတီကျောင်းကန်များကိုမြင်တွေ့ကြရသည်မှာ စိတ်ရွှင်လန်းချမ်းမြေ့စေသည်။ လေကောင်းလေသန့်ကို တဝကြီး ရှူရှိုက်ရသော အရသာကို မီးရထားဖြင့် ခရီးသွားဖူးမှသာခံစားဖူးပေလိမ့်မည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နှင့် ဘူတာကြီးတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်အကြီးအကဲက “မီးရထားလမ်းများအနေဖြင့် လမ်းကောင်းရန်နှင့် လမ်းတစ်လျှောက် ရထားစီး ခရီးသည်များမျက်စိပသာဒရှိရန် လိုအပ်သကဲ့သို့ ရထားအတွင်းပိုင်းသည်လည်း သန့်ရှင်းသပ်ရပ်နေရမည်ဖြစ်ကြောင်း၊ နှစ် ၁၀၀ ကျော် အတွေ့အကြုံရှိပြီးဖြစ်သည့် မိမိတို့ မီးရထားလုပ်ငန်းသည် မီးရထားစက်ခေါင်းများနှင့်လူစီးတွဲ၊ ကုန်တင်တွဲများကို ပြည်တွင်း ဖြစ်တည်ဆောက်နိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုတိုးတက်ရေးအတွက် Research and Development သည် အဓိက လိုအပ် သကဲ့သို့ မြန်မာ့မီးရထားတွင်လည်းရထားနှင့်ပတ်သက်သည့် Research and Development Center တစ်ခုထူထောင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံ၏ပို့ဆောင်ရေးလုပ်ငန်းများတွင်  ရထားပို့ဆောင်ရေးလုပ်ငန်းသည်  ပြည်သူလူထုကိုများစွာ အထောက်အကူပြုသည့် သယ်ယူ ပို့ဆောင်ရေးစနစ်ဖြစ်သည်။ မြန်မာ့မီးရထားသည်  နှစ်ပေါင်း ၁၄၀ သက်တမ်းရှိပြီဖြစ်သဖြင့် အရှေ့တောင်အာရှနှင့် တောင်အာရှ နိုင်ငံများ၌ အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်ပေသည်။ ရထားပို့ဆောင်ရေးနှင့်ပတ်သက်၍ များစွာသော အတွေ့ အကြုံရှိထားပြီးဖြစ်ပေရာ မည်သည့်အခက်အခဲရှိပါစေ မြန်မာ့မီးရထားဝန်ထမ်းတို့၏ စေတနာထားကြိုးပမ်း ဆောင်ရွက်မှုများ ကြောင့်မီးရထားခရီးစဉ်များ အဆင်ပြေချောမွေ့နေမည်ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေရှိ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)ကို မြန်မာ့မီးရထားရှိ အဓိကစက်ရုံကြီး များဖြစ်သည့် စက်ခေါင်းစက်ရုံ(အင်းစိန်)နှင့် ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)တို့၏လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင် စေရန်၊ ပြည်တွင်း၌လိုအပ်သည့် ဒီဇယ်လျှပ်စစ်စက်ခေါင်းများ ပြုပြင်မွမ်းမံမှုများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် ဧပြီလတွင် တည်ဆောက်မှုလုပ်ငန်းများပြီးစီးခဲ့ပြီး ပထမဦးဆုံး စက်ခေါင်းသစ် DF 2093 စက်ခေါင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သည်။ ထို့ပြင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း စက်ခေါင်းသစ် ၁၀ ခေါင်းကိုတပ်ဆင်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့်အားလျော်စွာ နေပြည်တော်ဘူတာကြီးကို အဆင့်မြင့်မြင့် တည်ဆောက်ပေး ထားသည်။ နေပြည်တော်ဘူတာကြီးအဆောက်အအုံကြီးကို မြင်လိုက်သည်နှင့် ထည်ဝါခန့်ညားလှသော မြင်ကွင်းကိုမြင်တွေ့ ကြရမည်ဖြစ်သည်။ နေပြည်တော်ဘူတာကြီးသည် နိုင်ငံတစ်ခုလုံး၏ ခရီးသွားဗဟိုချက်မတစ်ခုဖြစ်ပေရာ ခရီးသွားလာသူများနှင့် စည်ကားများပြားလျက်ရှိသည်။ ပို့ဆောင်ရေးလုပ်ငန်းများတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံတော်အားများစွာ အထောက် အကူပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့်  မီးရထားလမ်းများကြံ့ခိုင်ကောင်းမွန်ရေးကို အဓိကဦးစားပေးလုပ်ဆောင်လျက်ရှိပြီး ရထားစီးခရီးသွားပြည်သူများ လွယ်ကူချောမွေ့စွာသွားလာနိုင်ရေးကို ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။