ပြည်သူများအတွက် အောက်ဆီဂျင်

ပြည်သူများအတွက် အောက်ဆီဂျင်

ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဟုဆိုသည့်အတိုင်း အောက်ဆီဂျင် လိုအပ်ချက်ရှိနေသည်။ တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားစဉ်မှ ယနေ့အထိ လူမျိုးမရွေး ဘာသာမရွေး ပြည်သူလူထုကို အကူအညီပေး လျက်ရှိသည်။ မှတ်မှတ်ရရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ထကြွနေစဉ် အောက်ဆီဂျင်လိုအပ်မှုရှိခဲ့သည်။ လိုအပ်သည့်နေရာအရောက် တပ်မတော်သားတို့က တက်တက်ကြွကြွ ကူညီပေးခဲ့သည်။ အောက်ဆီဂျင်အိုးများတင်ဆောင်ကာ တပ်ပိုင်ယာဉ် များဖြင့် ပို့ဆောင်ပေးခဲ့သည်မှာ မှတ်တမ်းမှတ်ရာရှိပြီးဖြစ်သည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ကိုဗစ်-၁၉ တတိယ လှိုင်း ကြုံနေရသောအခါ၌လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့သည် ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် နိုင်ငံတော်နှင့်တပ်မတော်ပိုင်  Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စေတနာရှင်အလှူရှင်များက စုပေါင်း လှူဒါန်းငွေများဖြင့်လည်း အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံ များမှ မှာယူတင်သွင်းပေးလျက်ရှိပြီး လိုအပ်သည့်နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများအတွက် ပြည်ပမှ မှာယူထားသည့် ဆေးရုံသုံးအောက်ဆီဂျင် ဓာတ်ငွေ့ရည် တင်ဆောင်လာသည့် မက်ထရစ် တန် ၂၀ ဆံ့ မော်တော်ယာဉ်နှစ်စီးသည် ဇူလိုင် ၁၅ ရက် ည ၈ နာရီနှင့် ဇူလိုင် ၁၆ ရက် နံနက် ၃ နာရီတို့တွင် ရန်ကုန်မြို့သို့ရောက်ရှိလာသည်။ ရောက်ရှိလာသည့် Liquid Oxygen အရည်များကို အချိန်မဆိုင်းဘဲ မြောက်ဥက္ကလာပဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံ၊ လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ရှိ ဖိအားမြင့်အောက်ဆီဂျင် သိုလှောင်ကန် များအတွင်းသို့ ကျွမ်းကျင်သူနည်းပညာရှင်များက ဖြည့်သွင်းပေးခဲ့ကြသည်။

ဆေးရုံများနှင့် ကိုဗစ်စင်တာများတွင် တက်ရောက်ကုသမှု ခံယူနေသောလူနာများ၊ အောက်ဆီဂျင် လိုအပ်နေသည့် ပြည်သူများအတွက် တပ်မတော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီနှင့် အလှူရှင်များ၏ ငွေအား၊ လူအားအကူအညီများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ် လိုအပ်နေသူများထံသို့ စနစ်တကျ ဖြန့်ဖြူးလှူဒါန်းပေးလျက်ရှိသည်။ သတင်းကောင်း တစ်ခုမှာ အောက်ဆီဂျင်ပြတ်လပ် လိုအပ်မှုမရှိစေရေးအတွက် စေတနာရှင် အလှူရှင်များ၏ စေတနာသဒ္ဓါထက်သန်စွာလှူဒါန်းသောငွေများဖြင့် Liquid Oxygen မက်ထရစ်တန် ၂၀ ဆံ့ ကား ၂၆ စီးစာ ဝယ်ယူပြီးသော သတင်းဖြစ်သည်။ အဆိုပါ ဝယ်ယူထားသော Liquid Oxygen များသည်လည်း မကြာမီရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ဆက်လက်ရောက်ရှိလာမည်ဖြစ်သည်။

တပ်မတော်သည် တိုင်းပြည်အတွက်ဆိုသည့်အတိုင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အနာဂတ်အတွက် လိုအပ်ချက်ရှိပါက အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ကြိုတင်ဆောင်ရွက် ထားသည်။ လက်ရှိအခြေအနေတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် အင်းစိန်မြို့နယ်ရှိ ရွာမသံမဏိစက်ရုံတွင် အောက်ဆီဂျင်အိုး အမျိုးမျိုး ထုတ်လုပ်ပေးလျက်ရှိပြီး မြန်မာစီးပွားရေး ကော်ပိုရေးရှင်း မင်းဓမ္မအောက်ဆီဂျင်ဓာတ်ငွေ့စက်ရုံမှ တစ်ရက်လျှင် အောက်ဆီဂျင်ကုဗပေ ၁၄၉၀၀၀ ကျော်နှင့် မြောင်းတကာအောက်ဆီဂျင်ဓာတ်ငွေ့စက်ရုံမှ တစ်ရက်လျှင် အောက်ဆီဂျင်ကုဗပေ ၁၂၀၀၀၀ ကို နေ့စဉ်ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။ အဆိုပါအောက်ဆီဂျင်များကို ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကိုဗစ်စင်တာများသို့ ဖြန့်ဝေပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေအတွက် ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိမြို့နယ်တို့ရှိ ဆေးရုံအသီးသီးတွင် အောက်ဆီဂျင်ထုတ်လုပ်ပေးနေပြီဖြစ်ပေရာ နေပြည်တော်ကောင်စီ နယ်မြေရှိ အောက်ဆီဂျင်လိုအပ်သူများအတွက် ဝမ်းသာဖွယ်ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် တစ်မျိုးသားလုံးကျန်းမာရေးအတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant ကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိသည်။  အဖျက်သမား ဆိုသည်မှာ ဖျက်နည်းမျိုးစုံကို ကျွမ်းကျင်အောင် ဖျက်တတ်သည်။ အဖျက်မီဒီယာများကလည်း ချိန်သားကိုက် သွေးထိုးလှုံ့ဆော်ပေးသည်။ ပြည်သူများအနေဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်သော အဖျက်သမားတို့၏ ကောလာဟလ သတင်းမှားများကိုယုံကြည်မိပါက မိမိအတွက်၊ မိမိမိသားစုအတွက် အကျိုးယုတ်စေသည်မှ လွဲ၍ အခြားမရှိပါကြောင်း ရေးသားလိုက်ရပေသည်။ ။