လူတိုင်းဘဝမှာ အမြဲတမ်းလိုအပ်ချက်သည် ကျန်းမာရေး ကောင်းမွန်နေခြင်းဖြစ်သည်။ ငွေကြေးမြောက်မြားစွာချမ်းသာသူ၊ ပညာတွေ အများကြီးတတ်မြောက်ထားသူ မည်သူမဆို ကျန်းမာရေး မကောင်းလျှင်စိတ်ဆင်းရဲခြင်း သောကနှင့်တွေ့ကြုံရပေမည်။ အချို့က ကျန်းမာရေးမကောင်းသည်ကို မိမိတွင်ရှိသော ငွေကြေးဖြင့် ကျန်းမာရေးကောင်းမွန်အောင် လုပ်ဆောင်နိုင်သည်။ ငွေကြေး ချို့တဲ့သူသည်လည်း ကျန်းမာရေး ညံ့ခဲ့သော် မရှိမဲ့ရှိမဲ့ငွေကြေးဖြင့် ကျန်းမာရေးအတွက် စိုက်ထုတ်သုံးစွဲကြသည်။ ကျန်းမာရေး ချို့ယွင်းသူများအတွက် ကျန်းမာရေးကောင်းမွန်စေရန်မှာ ငွေကြေးဆိုသည်ထက် ကျန်းမာရေး ကောင်းမွန်အောင် ပြုစုကုသပေးမည့်သူ ရှိနေရေးမှာ အဓိက အချက်ဖြစ်ပေသည်။
နိုင်ငံတော်အတွင်း ပေါ်ပေါက်လာသော အခြေအနေဖြစ်ရပ်မှန်များကို သေချာစွာ လေ့လာခြင်း မရှိဘဲ မိမိတို့၏စိတ်ခံစားမှုကို ဦးစားပေးကာ ဆေးကုသမှုဆိုင်ရာ ဆရာဝန်များ လုပ်ငန်းခွင်ကို စွန့်ခွာသွားသူများ ရှိခဲ့သည်။ လက်တွေ့ဒုက္ခရောက်သူများမှာ ကျန်းမာရေး ချို့ယွင်းသူများဖြစ်သည်။ လူနာနှင့် လူနာရှင်များ အတိဒုက္ခရောက်ကြသည်။ အချို့လူနာများ အသက်ဆုံးရှုံးကြသည်။ နိုင်ငံတော်တွင် အရေးကြုံတိုင်း တပ်မတော်သည် ပြည်သူ့အကျိုး သယ်ပိုးပေးလျက်ရှိသည်။ လူနာနှင့်လူနာရှင်များ အတွက် မိမိတို့နယ်မြေ ဒေသရှိ တပ်မတော်ဆေးရုံများတွင် ဆေးကုသကြရန် ဖိတ်ခေါ်ခဲ့ကာ ကုသပေးလျက်ရှိသည်။
ယခုအခါ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ တပ်မတော်ဆေးရုံများသို့ လာရောက်ဆေးကုသမှု ခံယူသူများ များပြားလာသည်။ တပ်မတော်ဆေးရုံနှင့် ဝေးကွာသောဒေသများရှိ အရပ်ဘက်ဆေးရုံများရှိ နယ်မြေခံ လူထုများကလည်း ကျန်းမာရေး စောင့်ရှောက်မှုပေးရန် တောင်းဆိုမှုများကြောင့် တပ်မတော်သားဆရာဝန်များ၊ သူနာပြုများ သွားရောက် ကုသပေးလျက်ရှိသည်။ ကုသပေးမှုကြောင့် ပြည်သူများ၏ ကျေးဇူးတင်ကြောင်း စကားသံများကို ကြားသိမြင်တွေ့နေကြရသည်။ တချို့ဆိုလျှင် လူမှုကွန်ရက်တွင် တပ်မတော်အား ထိခိုက်ပုတ်ခတ်ဆဲရေး တိုင်းတာခြင်းပြုခဲ့သော်လည်း အရေးပေါ်ဆေးကုသမှု လိုအပ်သည့်အခါ တပ်မတော်ဆေးရုံသို့ပင် လာခဲ့ကြရသည်။ ထိုသူတို့စိတ်ထဲမှာ တပ်မတော်က ကုပေးပါ့မလားဟူသော စိုးရိမ်စိတ်ဝင်သော်လည်း လက်တွေ့တွင် အထင်အမြင် တလွဲစီဖြစ်ကုန်ကြသည်။ တပ်မတော်သားတို့၏ ဖော်ရွေစွာ ဆက်ဆံကုသပေးမှုသည်သူတို့၏နှလုံးသားတွင် မမေ့နိုင်စရာ ဖြစ်သွားတော့သည်။
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဟံဇားတိုက်နယ် ဆေးရုံ၌ ဆရာဝန်များနှင့် သူနာပြုများက ယင်းတို့၏လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး ဒေသခံပြည်သူများ အနေဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ဆေးရုံရှိ တာဝန်ကျေဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသပေးပါရန် အကူအညီ တောင်းခံလာခဲ့သည်။ မိတ္ထီလာမြို့တပ်မတော်ဆေးရုံမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့အား ဖေဖော်ဝါရီ ၁၆ ရက်တွင်စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော် ဦးစီး ဆရာဝန် ၄ဝ ဦးနှင့်သူနာပြု ၈ဝ ဦးတို့သည် ဖေဖော်ဝါရီ ၁၃ ရက်မှစတင်၍ ၎င်းတို့၏ လုပ်ငန်းများ ပျက်ကွက်ခဲ့သည်။ ဒေသခံပြည်သူများ အနေဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်ဆေးရုံများမှ ဆရာဝန်များနှင့် သူနာပြုများအား လာရောက်အကူအညီပေးပါရန် အကူအညီတောင်းခံခဲ့သည်။ တပ်မတော်ဆေးရုံများမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသမှုအဖွဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ သွားရောက် ကုသပေးလျက်ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူ ပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။ ဖေဖော်ဝါရီ ၅ ရက်မှယနေ့အထိ အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ စုစုပေါင်း ၁၃၁၈ ဦးကို ခွဲစိတ်ကုသပေးခဲ့သည်။ စိုးရိမ်ဖွယ်ရာ ရှိသည့်လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများက အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ကလေးမီးဖွားလူနာများအနက် ၅၁၃ ဦးကို ခွဲစိတ်မွေးဖွားပေးခြင်း၊ ၇၅၉ ဦးကို သာမန်မွေးဖွားပေးခြင်းတို့ကြောင့် အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၁၂၇၂ ဦးကို မွေးဖွားနိုင်ခဲ့သည်။ ဤသည်မှာ တပ်မတော်၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများမှ အချို့ကို ဖော်ပြလိုက်ခြင်းဖြစ်ပေသည်။ ။