ဖာပွန်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ - ၂၀    
ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ဥတ္တရာရုံအေးသုခတောရကျောင်းတိုက်၊ ဣစ္ဆာသယ ဝေဠုဝန်ကျောင်းတိုက်နှင့် ကမမောင်းမြို့၊ ကိုးနဝင်းကျောင်းတိုက်များသို့ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါကျောင်း တိုက်များမှ ဆရာတော်များအား ဖူးမြော်ပြီး ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ရေမလိုလက်သန့် ဆေးရည်များနှင့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။    
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဖာပွန်မြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်းရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။    
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံ အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။