ဖားကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာ၊ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ဖားကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာ၊ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော် ၊ ဒီဇင်ဘာ - ၂၆
    
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ၊ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် မိုးညှင်းမြို့ဘက်မှ ဖားကန့်မြို့ဘက်သို့ အိုက်မွန်း(ဘ)ဦးအောင်သိန်း မောင်းနှင်လာသည့် NISSAN ADVAN အမျိုး အစားမော်တော်ယာဉ်အမှတ် ၊ YGN 5M/----- ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၇၇ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၆၉၃ ဂရမ်ခန့်(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၄၈၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
ဖမ်းဆီးရမိသူအား စိစစ်မေးမြန်းချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား မိုးညှင်းမြို့မှ တင်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရှိရပြီး မူးယစ်ဆေးဝါးများပတ်သက် ဆက်နွယ်သူ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၁)နေ မနိုင်(ဘ)ဦးအောင်သိန်း ဆိုသူအား လုံးခင်းဈေးဘောလုံးကွင်းအနီးရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးခဲ့သည်။ 
    
အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လုံးခင်းနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။