မန်ယူအသင်းသည် ဇန်နဝါရီ ၂၀ ရက်ညက ဖူလ်ဟမ်အသင်းနှင့်ယှဉ်ပြိုင်ကစားရာ ခက်ခက် ခဲခဲကစား ခဲ့ရသော်လည်း ပွဲချိန် ၆၅ မိနစ်တွင် ပေါ့ဂ်ဘာလှလှပပသွင်းယူသည့်ဂိုးကြောင့် ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရ ခဲ့ပြီး နည်းပြဆိုးလ်ရှားက သရေတစ်မှတ်သာရမည့်အနေအထားမှ နိုင်ပွဲရလိုက်ခြင်းဖြစ်သည့်အတွက် ထိုရမှတ်သည် ရာသီသိမ်း ချိန်ရပ်တည်မှုကို များစွာအကျိုးရှိစေသည်ဟုပြောသည်။
ထိုပွဲတွင် ဖူလ်ဟမ်အသင်းက ဂိုးစတင်သွင်း ယူပြီး နည်းပြစကော့ပါကာ၏ ဖူလ်ဟမ်သည် ယခုရာသီတွင် ဂိုးစသွင်းနိုင်သည့်ပွဲတိုင်း ရှုံးပွဲမရှိခဲ့သည့်အစဉ်အလာကို မန်ယူက ဖျက်နိုင်ခဲ့ခြင်းကြောင့် အမှတ်ပေး ဇယားထိပ်ဆုံးနေရာသို့ ပြန်လည်တက်လှမ်းလာနိုင်ခဲ့သည်။
ဆိုးလ်ရှားက “အားလုံးက အနိုင်ရရေးပဲ။ နိုင်ရင်ပျော်တယ်။ ရှုံးရင် ဒေါသထွက်ရတယ်။ တစ်ဖက်က ဇယားထိပ်ကိုတက်ဖို့အရေး မန်စီးတီးရလဒ် ဘယ်လိုရှိခဲ့လဲဆိုတာလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်သိတာက ကိုယ်ရယူရမယ့် အနိုင်သုံးမှတ်ကို အရယူနိုင်ဖို့ပဲဖြစ်တယ်။ ဟိုတယ်မှာ တစ်နေ့လုံး နေခဲ့ရတယ်။ လေ့ကျင့်ဖို့က ကွင်းမရလို့ ဒီအတိုင်းလာကစားခဲ့ရတာပါ။ ခက်ခဲလွန်းတဲ့ပွဲတစ်ပွဲကို အနိုင်ရလိုက်တာက သရေရလဒ်ထက် ပိုရလိုက်နိုင်တာလို့ ပြောရမှာပဲ။ ဒီနိုင်ပွဲက ရာသီသိမ်းရပ် တည်မှုမှာ ဘယ်လိုအဆင့်ရမယ်ဆိုတာ ဆုံးဖြတ်ပေးမှာဖြစ်တဲ့အတွက် စောင့်ကြည့်ရမှာပါ။ ထိပ်ဆုံး နေရာရောက်ရေးတစ်ခုတည်း အတွက်သာမက နောက်ပွဲတွေမှာ ပိုကောင်းအောင်ကစားနိုင်ဖို့က အရေးကြီးပါတယ်” ဟု ပြောသည်။
ထိုပွဲတွင် ရက်ရှ်ဖို့ဒ်ကို အနားပေးပြီး ကာဗာနီကို ပွဲထွက်စေခဲ့ရာ ကာဗာနီသည် ချေပဂိုးသွင်းပေးခဲ့ပြီး ပေါ့ဂ်ဘာက ဘယ်ခြေဖြင့်လှပစွာကန် သွင်းပြီးအနိုင်ရခဲ့ခြင်းဖြစ်သည်။ ပေါ့ဂ်ဘာက “ကျွန်တော့် ကန်ချက်က ဘယ်ခြေဖြစ်ပေမယ့် ထိချက်အရမ်းမှန်သွားခဲ့လို့ ဂိုးရတာပါ။ ရုတ်တရက် ရလာတဲ့ အခွင့် အရေးမို့ ဘယ်ခြေနဲ့ကန်ဖြစ်သွားတာပဲ။ ဒီလိုမှမကန်ဖြစ်ရင်လည်း ဂိုးရတော့မှာ မဟုတ်ဘူး”ဟုပြော သည်။
ထိုပွဲတွင် အနိုင်ဂိုးသွင်းရုံသာမက ပေါ့ဂ်ဘာသည် ကစားပုံလည်းကောင်းမွန်ခဲ့သည့်အတွက် ဘောလုံးပွဲ သုံးသပ်တင်ဆက်သူ မန်ယူခံစစ်မှူးဟောင်း ရီယိုဖာဒီနန်က “ပေါ့ဂ်ဘာ ခြေစွမ်းကောင်း ရနေချိန်ဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလိုပုံစံနဲ့ကစားနိုင်တယ်”ဟု ချီးကျူးခဲ့သည်။