ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာ၊ အမှတ်(၅)ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာ၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးဇင်အောင်(ဘ)ဦးစိုးတင့် ပိုင်ဆိုင်သည့် အလျား ၈ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၈ ပေရှိ ဓနိမိုး၊ ဓနိကာ၊ ကြမ်းခင်းအလုပ်သမားနေအိမ်လိုင်းခန်းနေ ဒေါ်စိန်းမော်(ဘ)ဦးမောင် ၏ အခန်း၌ ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ထင်းမီးဖိုးမီးကြွင်းမီးကျန် မှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ်လိုင်းခန်း ၂၃ ခန်းနှင့် လုံးချင်းနေအိမ် ၂၅ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်နေရာသို့ ယနေ့တွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများနှင့် မီးဘေးသင့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် မီးဘေးသင့်အိမ်ထောင်စု ၄၄ စုတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သော အဝတ်အထည် များ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများကို တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။