ရန်ကုန်၊ ပိုက်ကျော်ခြင်း
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)အတွက် မြန်မာပိုက်ကျော်ခြင်း အဖွဲ့ အနေဖြင့် ဧပြီလ သို့မဟုတ် မေလတွင် စခန်းသွင်းလေ့ကျင့် မှုပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၂၁ ဆီးဂိမ်းကို နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပ မည်ဖြစ်သည်။
ဆီးဂိမ်းတွင် ပိုက်ကျော်ခြင်းအားကစား နည်းအနေဖြင့် (အမျိုးသား၊ အမျိုးသမီး) နှစ်ယောက်တွဲ၊ သုံးယောက် တွဲ၊ လေးယောက်တွဲနှင့် သုံးယောက်တွဲအသင်းလိုက် ဟူ၍ ပြိုင်ပွဲအမျိုးအစားလေးမျိုး ထည့်သွင်း ကျင်းပ မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ထားသည်။
အဆိုပါပြိုင်ပွဲ အမျိုးအစားလေးမျိုးအနက် မြန်မာပိုက်ကျော်ခြင်းအဖွဲ့သည် ကစားနည်းနှစ်မျိုးသာ ဝင်ရောက် ယှဉ်ပြိုင် ရန်လျာထားကြောင်း သိရသည်။
မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ကျင်းပပြီးသည့်ဆီးဂိမ်းများတွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင် ခဲ့ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းတွင် ငွေတံဆိပ်ဆုတစ်ခု နှင့် ကြေးတံဆိပ်ဆုနှစ်ခု ရရှိခဲ့သည်။
မြန်မာပိုက်ကျော်ခြင်းအဖွဲ့အနေဖြင့် ယခုနှစ်တွင် ဆီးဂိမ်းအပြင် ဇွန်လအတွင်း ထိုင်းနိုင်ငံ၌ကျင်းပမည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်က စီစဉ်ထားကြောင်း သိရသည်။
ကိုရဲ