ဘန်လေကိုနိုင်ပြီး မန်ယူအသင်း ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဇယားထိပ်ဆုံးရောက်လာ လီဗာပူး နှင့် ယှဉ်ပြိုင်ရမည့်ပွဲမှာ အကောင်းဆုံးအချိန်တွင်ရောက်လာဟု နည်းပြဆိုးလ်ရှားပြော

 

မန်ယူအသင်းသည် ဇန်နဝါရီ ၁၂ ရက်ညက  ဘန်လေနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ  ၁ ဂိုး-ဂိုးမရှိ ဖြင့် အနိုင် ရရှိခဲ့သောကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။ ဘန်လေကိုအနိုင်ရ လိုက်သည့်အတွက် မန်ယူအသင်းသည် လီဗာပူးထက် သုံးမှတ်အသာရသွားခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ် ပေးဇယားထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဇန်နဝါရီ ၁၇ ရက်ညတွင် လက်ရှိချန်ပီယံ လီဗာပူးနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ နည်းပြဆိုးလ်ရှားက မိမိတို့အသင်း ဇယားထိပ်ဆုံးရောက်နေချိန်  လီဗာပူးနှင့်  ယှဉ်ပြိုင်ရခြင်းက အကောင်းဆုံးအချိန်တွင် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ပြောသည်။

ဘန်လေကို ခက်ခက်ခဲခဲအနိုင်ကစားခဲ့ပြီးနောက် ဆိုးလ်ရှားက “သင်းရပ်တည်လိုက်နိုင်တဲ့အဆင့် ကတော့ အရမ်းကိုအားတက်စရာပါ။ လီဗာပူးနဲ့ပွဲက  အရမ်းခက်ခဲမယ်ဆိုတာသိပါတယ်။  သူတို့က အကောင်းဆုံးပုံစံ ထိန်းထားနိုင်တဲ့အသင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီပွဲအတွက် အသင့်ဖြစ် နေပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲဖြစ်လာမှာပါ။ ဒီလိုအချိန်ထက် ပိုကောင်းတဲ့အချိန်မျိုးမရှိချိန်မှာ လီဗာပူးနဲ့ကစားခွင့်ရတာ ကျွန်တော်တို့အသင်း စိတ်ဓာတ်ပိုင်းနဲ့ အရည်အသွေးပိုင်းကို စမ်းသပ်ခံမယ့် ပွဲလည်းဖြစ်လာမှာပါ။ လက်ရှိအသင်းအနေအထားကတော့ ကောင်းတဲ့အနေအထားလို့ ပြောချင်တယ်” ဟု ပြောသည်။

မန်ယူအသင်းသည် ဘန်လေနှင့်ပွဲတွင် ပေါ့ဂ်ဘာ၏ ကန်ချက်လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားသည့်  တစ်ဂိုးတည်းဖြင့်အနိုင်ရရှိခဲ့ကာ  လီဗာပူးထက် သုံးမှတ်သာသွားခဲ့ခြင်းဖြစ်သည်။ မန်ယူခံစစ်မှူးဟောင်း လည်းဖြစ် လက်ရှိတွင် စကိုင်းစပို့တ်ဘောလုံးပွဲသုံးသပ်တင်ဆက်သူ လုပ်နေသော ဂယ်ရီနဗီးလ်ကလည်း မန်ယူပရိသတ်များအနေဖြင့် ယခုရာသီတွင် ချန်ပီယံဆုမျှော်လင့် ခွင့်ရှိသည်ဟု ကြုံးဝါးပြောဆိုခဲ့သည်။ ဂယ်ရီနဗီးလ်သည် ယခုရာသီတွင် မန်ယူအသင်း ယခုကဲ့သို့ ဇယားထိပ်ဆုံးရောက်လာမည်ကို မျှော်လင့်ခဲ့ ခြင်းမရှိခဲ့ကြောင်းဝန်ခံခဲ့ပြီး ဘန်လေကိုနိုင်ခဲ့သောပွဲအပြီးမှ ချန်ပီယံမျှော်လင့်ချက်ထားနိုင်ပြီဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂယ်ရီနဗီးလ်က “လာမယ့် လီဗာပူးနဲ့ပွဲမတိုင်မီ အခု ဘန်လေကိုနိုင်လိုက်တာက ကြီးမားတဲ့နိုင်ပွဲလို့ သတ်မှတ်ရမယ်။ အဓိကပြိုင်ဘက် လီဗာပူးနဲ့ကစားရမှာဖြစ်လို့ အားတက်စရာပါ။ လက်ရှိ မန်ယူ အသင်းက စိတ်ဓာတ်ပိုင်းလည်းအကောင်း ဆုံးပုံစံရနေပါတယ်”ဟု ဆိုသည်။