ဘဝနတ်ထံပျံလွန်တော်မူသွားသော မိုင်းတုံမြို့နယ်၊ မြို့မမွေတော်ကျောင်းတိုက် ဦးစီး ပဓာနဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အားဖူးမြော်ကြည်ညို

ဘဝနတ်ထံပျံလွန်တော်မူသွားသော မိုင်းတုံမြို့နယ်၊ မြို့မမွေတော်ကျောင်းတိုက် ဦးစီး ပဓာနဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အားဖူးမြော်ကြည်ညို

နေပြည်တော်၊ မတ်- ၁၄

ဘဝနတ်ထံပျံလွန်တော်မူသွားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ မြို့မမွေတော်ကျောင်းတိုက် ဦးစီးပဓာနဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဘဒ္ဒန္တစာရိန္ဒ မဟာထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥတုဇရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာကျင်းပရန်အတွက် အလှူငွေကျပ် ၂၉၃၂၀၀၀ သိန်းအား ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာ ကျင်းပပြုလုပ်ရန်နေရာအား သွားရောက်ကြည့်ရှုပြီး ဒေသခံတိုင်းရင်းသားများ၏ တင်ပြချက်များအပေါ်လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ မြို့မမွေတော်ကျောင်းတိုက်ဆရာတော် သက်တော် ၁၀၀ နှစ်၊ ဝါတော် ၈၀ ဝါရှိ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစာရိန္ဒ မဟာထေရ်မြတ်သည် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်း လဆုတ် ၁၄ ရက်၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာပွဲကို ၂၀၂၂ ခုနှစ်၊ မတ် ၂၁ ရက်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။