ဘားအံမြို့နယ်အတွင်း ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် သွေးထိုးလှုံ့ဆော်သည့် စာရွက်စာတမ်းများ လက်ဝယ်ကိုင်ဆောင်ထားရှိသူတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊  မတ် - ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် များသည် မတ် ၂၃ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ထောက်ပို့ လမ်းဆုံအရောက်၌ ဇွဲကပင်တောင်ဘက်မှ ဘားအံမြို့တွင်းဘက်သို့ မောင်းနှင်လာသည့် TOYOTA  WISH အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 5F--------- ယာဉ်အား ရပ်တန့် စစ်ဆေးရာ စောလင်းထက်(ဘ)ဦးစောအယ်ထူး၊ သုဝဏ္ဏလမ်း၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့ နေသူအား မော်တော်ယာဉ်အတွင်း၌ အငွေ့ထိန်းနှာခေါင်းစွပ် ၁၀ ခု၊ အငွေ့ထိန်းမျက်မှန် ၁၀ ခု၊ ဖိုက်ဘာဦးထုပ် ၁၀ လုံး၊ အနက်ရောင်မျက်နှာဖုံးစွပ် ၅ ခု၊ အဖြူရောင်ချည်သားလက်အိတ် ၄၆ စုံ၊ အမည်းရောင်ကျားဝတ် ကုတ်အင်္ကျီ ၁ ထည်နှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ စောလင်းထက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်ရန် ပြည်သူလူထုအား စည်းရုံး သွေးထိုး လှုံ့ဆော်သည့် စာရွက်စာတမ်းများ၊ အများပြည်သူများအား ပြစ်မှုကျူးလွန်လာစေရန် ကြံရွယ်၍ ဆန္ဒပြရာတွင် အသုံးပြုမည့်ပစ္စည်များအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ စောလင်းထက် အား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ပြည်သူလူထုအား ဆူပူအကြမ်းဖက်မှုပြုလုပ်လာစေရန် စည်းရုံးသွေးထိုးလှုံ့ဆော် သည် စာရွက်စာတမ်းများ လက်ဝယ်ကိုင်ဆောင်ထားရှိမှုကြောင့် တရားဥပဒေအရ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။