ဘိုးဘွားအမွေ ထိန်းသိမ်းနိုင်ပါစေ

မြန်မာနိုင်ငံတည်ရှိမှု ပထဝီဝင်အနေအထားကို ပြန်ပြောင်းလေ့လာလျှင် ချစ်ခင်မြတ်နိုးဖွယ်မြစ်ကြီးများတည်ရှိမှု၊ မြင့်မားသော တောင်တံတိုင်းများတည်ရှိမှု၊ ထိုမှတစ်ဆင့်ပင်လယ်ကမ်းရိုးတန်းများပိုင်ဆိုင်မှုများကို ကြည်နူးဖွယ်တွေ့မြင်ရပေမည်။ ထိုသို့သော ပထဝီနယ်နိမိတ်ကို တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော မိဘဘိုးဘွားများကိုကျေးဇူးတင်မိသည်။ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းစသောမြစ်ကြီးများ စဉ်ဆက်မပြတ်စီးဆင်းနေသကဲ့သို့ လူသားတို့၏မျိုးဆက်များသည်လည်း စဉ်ဆက် မပြတ်ဖြစ်ပေါ်လျက်ရှိသည်။ စက်ဝန်းတစ်ခုလည်ပတ်နေသကဲ့သို့ မြန်မာ့မြေဖွားလူသားတို့သည်လည်း အဟောင်းအဟောင်းတို့ နေရာတွင် အသစ်အသစ်များဖြစ်ထွန်းလာခဲ့သည်မှာ လောကနိယာမပင်ဖြစ်သည်။

လူ့ဘဝခရီးသည် သံသရာခရီးဖြစ်သည်။ လူတို့စုပေါင်း၍ဖွဲ့စည်းကြသော အုပ်စု၊ ကျေးရွာ၊ နယ်ပယ်၊ နိုင်ငံ စသည်၏ခရီးသည်လည်း သံသရာခရီးဖြစ်ပေ၏။ လူမျိုးပေါင်းစုံစုစည်းနေထိုင်ကြသော နိုင်ငံတစ်ခု၏ဘဝခရီးသည်လည်း သံသရာခရီးဖြစ်သည်။ စည်းလုံး ညီညာ၊ စည်ပင်ချမ်းသာ အင်အားပြည့်ဝတက်ကြွအောင်မြင်သောခေတ်တို့ကိုလည်း ဖြတ်သန်းရသည်။ ကစဉ့်ကလျားအင်အားကွဲ၍ ဆင်းရဲနွမ်းပါး လူရာမဝင်နိုင်ငံဟူသော အမည်ကိုပင် ဆုံးရှုံးပျောက်ပျက်လုလုအခြေသို့လည်း ဆိုက်ရောက်ရသည်။ မြန်မာ့နိုင်ငံရေး ခရီးတွင် ပြည်သူတို့စည်းလုံးညီညာ၍ ခေါင်းဆောင်ကောင်းတို့ပေါ်ထွန်းတိုင်း မြန်မာတို့၏အောင်လံသည် တလူလူလွင့်ကာ အောင်ပွဲ ခံခဲ့ကြသည်။

မြန်မာတို့အတွက် ခေါင်းဆောင်ကောင်းလိုအပ်သကဲ့သို့ စည်းလုံးညီညွတ်သော နောက်လိုက်ကောင်းများရှိနေရန်လည်းလိုအပ်သည်။ သမိုင်းကြောင်းဖြစ်ရပ်များအပေါ် လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော် တစ်ရပ် စဉ်ဆက်မပြတ်ရှိနေရမည်ဖြစ်သည်။ ယနေ့တည်ရှိနေ သော မြန်မာနိုင်ငံဆိုသည်မှာ ဘိုးဘွားများ၏အမွေအနှစ်အစစ်ဖြစ်သည်။ ထိုအမွေကို ဆက်လက်ထိန်းသိမ်းရမည်မှာ လူငယ်မောင် မယ်တို့၏ တာဝန်သာဖြစ်သည်။ ထို့ကြောင့်ရှေးလူကြီးအစဉ်အဆက်တို့က အသိပေးစာသားလေးထားရှိခဲ့သည်။ ယင်းမှာ ဒို့ခေတ် ရောက်မှ ညံ့ကြတော့မှာလား ဟူ၍ဖြစ်သည်။

ခေတ်အဆက်ဆက်မညံ့စေဖို့ တပ်မတော်ကိုကျစ်လျစ်ခိုင်မာပြီး စွမ်းရည်ပြည့်ဝအောင် စဉ်ဆက်မပြတ်ကြိုးပမ်းကြရမည်ဖြစ်သည်။ အထူးသဖြင့် နောင်တစ်ခေတ်၏အောင်စစ်သည်များကို မွေးထုတ်ပေးရာ စစ်တက္ကသိုလ်သည် တပ်မတော်တွင်အရေးပါသော တက္ကသိုလ် တစ်ခုဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာအောင်မွေးထုတ်ပေးရသည်မှာ လွယ်ကူလှသည်မဟုတ်ပေ။ ဘက်စုံထူးချွန်ကျွမ်းကျင်စေရေးလေ့ကျင့်မွေးထုတ်ရသည်။ ပညာရပ်ပေါင်းစုံတတ်မြောက်ရုံဖြင့်ပြီးမြောက်သည်မဟုတ်သေး။ အဓိက လိုအပ်ချက်မှာ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊ အမျိုးဘာသာသာသနာ ချီးမြှောက်ကာကွယ်လိုစိတ် ရှိနေရေးသည် အဓိကဖြစ်သည်။

တပ်မတော်သားဆိုသည်မှာ မိဘပြည်သူများ၏သားသမီးများသာဖြစ်သည်။ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် လူငယ်မောင် မယ်တိုင်း တပ်မတော်သို့ ဝင်ရောက်အမှုထမ်းနိုင်သည်။ ထို့အတူတက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး သူလူငယ်မောင်မယ်တိုင်း တပ်မတော်ရှိ တက္ကသိုလ်များတွင် တက်ရောက်နိုင်သည်။ ဆိုလိုသည်မှာ တပ်မတော်နှင့်ပြည်သူဆိုသည်မှာ ရေကိုသား၍ အကြား မထင်သကဲ့သို့သာဖြစ်သည်။ ထူးချွန်ထက်မြက်သူလူငယ်တိုင်း စစ်တက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်များသို့တက်ရောက်နိုင်သလို ဘွဲ့ရပြီးသူတိုင်း ဗိုလ်သင်တန်းကျောင်းများသို့ လျှောက်ထားနိုင်သော အခွင့်အရေးရှိသည်။ လူငယ်တို့၏ထူးချွန်မှု၊ ကိုယ်ရည်ကိုယ်သွေးအရ ရွေးချယ်ခံကြရခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၃ ရက် နေ့တွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၌ပြုလုပ်သည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ စစ်တက္ကသိုလ်ကျောင်း အုပ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဗိုလ်လောင်းများအား စာပေပညာ၊ စစ်ပညာ ဘာသာရပ်အလိုက်ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများ အပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခြင်းဖြစ်သည်။ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄)သည် မကြာမီသတ်မှတ်ကာလတွင် အောင်မြင်စွာ သင်တန်းပြီး မြောက်တော့ မည် ဖြစ်ပေရာ ဘိုးဘွားအမွေအနှစ်နိုင်ငံတော်ကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြမည့်သူများဖြစ်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။