ဘုတလင်မြို့နယ်၌ ယခုကာလ ဂန္ဓမာပန်းများ အရောင်းအဝယ် အေးနေ

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ကံသာကျေးရွာ၌  ဂန္ဓမာပန်းများ  စိုက်ပျိုးရောင်းချလျက်ရှိရာ  ယခုနှစ်တွင် COVID-19 ရောဂါဖြစ်ပွားနေမှုကြောင့် ဂန္ဓမာပန်း အရောင်းအဝယ် အေးနေကြောင်း ဂန္ဓမာပန်းစိုက် တောင်သူများထံမှသည်။

''မနှစ်တုန်းက  ကိုယ့်မြို့နယ်အတွင်းကိုပဲ ဂန္ဓမာပန်းတ ွေရောင်းကုန်တယ်။ ဒီနှစ်ကျတော့ မကုန်ဘူး။ တချို့ကျေးရွာတွေနဲ့ အခြားမြို့နယ်တွေမှာ အသွားအလာလေးတွေ ကန့်သတ်ထားတော့ ပန်းရောင်းမယ့် ဈေးသည်တွေ၊ ဖောက်သည်ယူမယ့် ဈေးသည်တွေကလည်း အရောင်းထိုင်းသွားတယ်။ အရင်နှစ်တွေကဆိုရင် ကိုယ့်ဒေသ ပန်းသည်တွေနဲ့ များများစားစား ပန်းတွေပေါ်လာရင် မုံရွာ၊ ရေဦးနဲ့ ဟုမ္မလင်းဘက်အထိ ပို့လို့ရတယ်။ ဒီနှစ်ကျ COVID-19 ရောဂါဖြစ်တော့ အသွားအလာလေးတွေ ကန့်သတ်ထားတော့ အရောင်းအဝယ်တန့်နေတာ။ အခါတိုင်း ဒီချိန်ဆိုရင် ပန်းတွေကုန်ပြီ'' ဟု ကံသာကျေးရွာမှ ပန်းစိုက်တောင်သူ ဦးအောင်မြင့်သန်းက ပြောသည်။

ယခုအချိန်တွင် ပန်းစိုက်ခင်းများသို့ ဘုတလင်မြို့နယ်မှ ဒေသခံများနှင့် မုံရွာမြို့နယ်မှ ဒေသခံများက လာရောက်၍ အလှဓာတ်ပုံများ ရိုက်ကြရင်း  ပန်းများလည်း  ဝယ်ယူအားပေးမှုကြောင့်    ပန်းစိုက် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ခန့်သာ ပြန်လည်ရရှိကြောင်း သိရသည်။

''မနှစ်က ပန်းခြံတစ်ခြံကို ငွေကျပ်သုံးသိန်း ရတယ်ဆိုရင် ဒီနှစ် ငွေကျပ် တစ်သိန်းပဲ ရတယ်။

ဈေးတွေက ကွာဟမှုတွေ ရှိသွားတယ်။ မနှစ်ကထက်စာရင် သုံးချိုးတစ်ချိုးလောက် ကွာဟမှုရှိသွားတယ်။ ဒီနှစ်ကျတော့ အရင်းသာသာလောက်ပဲ ရတယ်။တချို့ပန်းခြံတွေကတော့ အရှုံးပေါ်ကြ တာပေါ့။ ကျွန်တော်တို့ ပန်းခြံကတော့ ကိုယ့်နယ်မြေတွင်းက ဒေသခံတွေက လာရောက်အားပေးကြတဲ့ အတွက်မရှုံးပါဘူး''ဟု ၎င်းက ဆက်လက်ပြောသည်။

ပန်းခြံတစ်ခြံတွင်   အပင်တစ်သောင်းခန့် စိုက်ပျိုးပါက ငွေကျပ် ၁ဝ သိန်းအရင်းအနှီးစိုက်ထုတ်ရပြီး အဆိုပါပန်းခြံ အောင်မြင်ဖြစ်ထွန်းပါက ငွေကျပ် ၁၅ သိန်းနှင့်သိန်း ၂ဝ ကြား အထိ ပြန်လည် ရရှိနိုင်ကြောင်း သိရသည်။

ဂန္ဓမာပန်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးကြလေ့ရှိကာ ဂန္ဓမာပန်းသည် လေးလ၊ ငါးလ၊ ခြောက်လ   သက်တမ်း အရွယ်အစားအလိုက် စိုက်ပျိုးကြသည်။

ဂန္ဓမာပန်း ၁ဝ စည်းထုံး တစ်ထုံးလျှင် ငွေကျပ် ၃၅ဝဝ ရှိပြီး ယခုလက်ရှိတွင် တစ်ထုံးလျှင် ငွေကျပ် ၁ဝဝဝ နှင့် ၁၅ဝဝ ခန့်သာ ရရှိကြောင်း သိရသည်။